န်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ် ပြုပြင်ရေးနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီပေးရေးအတွက် လာရောက်လေ့လာနေသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF)မှ ကိုယ်စားလှယ်များ၏ ခရီးစဉ် ယမန်နေ့က ပြီး ဆုံး သွားပြီ ဖြစ်သည်။
IMF Article VIII 2011 Missionအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် နိုင်ငံခြားငွေဆိုင်ရာ ကန့်သတ်တားမြစ်ချက်များနှင့် အမျိုးမျိုး သော ငွေကြေးဖလှယ်မှုများ၏ ပြဿနာ ဇစ်မြစ်များကို အစိုးရပိုင်း တာဝန်ရှိသူများ၊ ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှ အဖွဲ့ဝင်တချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဖော်ပြ ထား သည်။
အဆိုပါအဖွဲ့သည် နိုင်ငံခြားငွေလဲလှယ်နှုန်း ပြင်ဆင်ရေးအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီပေးရန် အစိုးရက တောင်းခံ ခဲ့သောကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော် IMF အဖွဲ့ အနေဖြင့် မြန်မာအစိုးရအား နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ်ပြောင်းလဲရေးနှင့် ပတ်သက်၍ လက်တွေ့ကျသော ကူညီမှုများပေးအပ်ခြင်း မရှိသေးကြောင်း အမည်မဖော်လိုသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ရေးသားထားသည်။
ယခုခရီးစဉ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲရေး အတွက် လေ့လာရေးသက်သက်သာဖြစ်ပြီး မကြာမီ အကြံပြုချက်များ မြန်မာအစိုးရသို့ တင်ပြလိမ့်မည်ဖြစ်သည်ဟု သိရသည်။
နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းကို ပြောင်းလဲမည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် IMF အဖွဲ့၏ ပဋိညာဉ်စာချုပ် အပိုဒ် ၈ ပါ ဝတ္တရားများကို လက်ခံဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာငွေပေးငွေယူ ကိစ္စရပ်များအတွက် သာမာန်ငွေပေးချေမှုများနှင့် ငွေလွှဲပို့မှုများ အပေါ် ကန့်သတ်တားမြစ်ခြင်း၊ တပြေးညီမဟုတ်သော ငွေကြေးဖလှယ်မှုများ ကျင့်သုံးခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအမျိုးမျိုး ထားရှိခြင်း စသည်တို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၊ ပြည်တွင်းသုံး အမေရိကန်ဒေါ်လာ တန်ဖိုးနှင့် ညီမျှသည်ဟု အစိုးရက သတ်မှတ်ထုတ် ဝေ ထားသော FEC ၊ ပြည်ပပို့ကုန် ဝင်ငွေ(Export earning) စသဖြင့် သုံးစွဲနေခြင်းဖြစ်သည်။ အမေရိကန်တဒေါ်လာလျှင် အစိုးရ သတ်မှတ်နှုန်းမှာ ၆ ကျပ် ဖြစ်သည်။ လက်ရှိ ပြင်ပ ပေါက်ဈေးမှာ ယနေ့ တဒေါ်လာလျှင် ၇၈၂ ကျပ်ဖြစ်ပြီး FEC ၇၈၀ ကျပ်၊ ပြည်ပ ပို့ကုန် ဝင်ငွေမှာ ၈၂၂ ကျပ် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခြေစိုက် စီးပွားရေး ပညာရှင်တဦးကမူ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲရန်အတွက် IMFအဖွဲ့ထံမှ လုပ်ထုံး လုပ် နည်း ဆိုင်ရာ အကူအညီများကိုသာမက ငွေကြေးဆိုင်ရာ ကျောထောက် နောက်ခံရရှိရန်လည်း လိုအပ်ကြောင်း ထောက်ပြပြော ဆို သည်။
“ငွေလဲလှယ်နှုန်းတခု သတ်မှတ်လိုက်လို့ ငွေဈေးတအားတက်သွားတာတို့ ကျသွားတာတို့ဆိုရင် ထိန်းညှိဖိုအတွက် ဘယ်သူက ထုတ်ရောင်းပေးတာ ဝင်ဝယ်ပေးတာလုပ်မလဲ၊ ဒါကြောင့် နောက်ခံရှိဖို့က အရေးကြီးတယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ ငွေကြေး အကူအညီနှင့် ချေးငွေများ ရယူနိုင်ရေး အတွက် IMF၏ လုပ်ထုံးလုပ်နည်းများနှင့် ပဋိညာဉ်စာချုပ်များကို သဘော တူလက်မှတ်ရေးထိုးရမည်ဖြစ်သည်။
IMF အဖွဲ့၏ ပဋိညာဉ်စာချုပ် အပိုဒ် ၈ ကို အာဆီယံနိုင်ငံ တနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် သဘောတူ လက်မှတ် ထိုးခဲ့ပြီး ဖြစ်သည်။
ဆက်စပ် သတင်း။ ။ ငွေလဲနှုန်း၊ IMF နှင့် မြန်မာ့စီးပွားရေး အရှုပ်ထုပ်