သတင်း

EU ပညာရှင်များပါဝင်သည့် ငွေကြေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားသော ဥရောပသမဂ္ဂမှ စီးပွားရေး ပညာရှင်တချို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ပူးပေါင်းပြီးုမြန်မာ့ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ၂ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ဥရောပသမဂ္ဂ သံတမန်အဖွဲ့ ခေါင်းဆောင် David Lipman ကို ဘန်ကောက် ချူလာလောင်ကွန်း တက္ကသိုလ် ဟောပြောပွဲတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ - ces.in.th)

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဥရောပသမဂ္ဂ သံတမန်အဖွဲ့ ခေါင်းဆောင် David Lipman၊ ဥရောပသမဂ္ဂမှ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ Dr. Hans Dieter Seibel၊ အကြီးတန်းဘဏ္ဍာရေး မူဝါဒဆိုင်ရာအကြံပေး James A. Hanson ကဲ့သို့သော ပညာရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Yoshiro WADA၊ ထိုင်းနိုင်ငံမှ ပညာရှင်တဦး အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ပညာရှင်များလည်း တက်ရောက်ကြမည်ဟု သိရသည်။

“ဒီပွဲက ပြည်တွင်းပြည်ပ မြန်မာပညာရှင်တွေ၊ နိုင်ငံခြားသား ပညာရှင်တွေအားလုံးစုပြီး မြန်မာ့ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး ကဏ္ဍအတွက် အဖြေရှာကြမယ်။ ထူးခြားတာက စီးပွားရေးပိတ်ဆို့ထားတဲ့ EU က ပညာရှင်တွေ၊ ကိုယ်စားလှယ်တွေလည်း တက်တက်ကြွကြွ ပါဝင်လာတာပါပဲ” ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အကြံပေး စီးပွားရေးပညာရှင်တဦးက ပြောသည်။

အဆိုပါပွဲသို့ အစိုးရထိပ်တန်း တာဝန်ရှိသူများ တက်ရောက်ကြမည့်အပြင် သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဦးမြင့့်၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ ဒေါက်တာဇော်ဦး၊ ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ ပညာရှင်များဖြစ်ကြသည့် ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်၊ မြန်မာအရှေ့တိုင်းဘဏ် ဥက္ကဋ္ဌ ဦးမြသန်း၊ အထွေထွေမန်နေဂျာ ဦးဆန်းသိန်း၊ ပထမ ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်တို့ အပါအဝင် ပြည်တွင်းပြည်ပရှိ မြန်မာပညာရှင်များ စုံစုံလင်လင် တက်ရောက် စာတမ်းဖတ်ကြမည်ဟု သိရသည်။

“မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ရလဒ်အဖြေတွေ ထွက်လာမယ်လို့ထင်ပါတယ်။ ကမ္ဘာ့ဘဏ်လို၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) လိုအဖွဲ့အစည်း မျိုးတွေနဲ့လည်း ဆွေးနွေးမှုတွေ ရှိနေပြီ ဖြစ်တဲ့အတွက် အခုလုပ်မယ့် ပွဲကနေ အကျိုးများမယ်လို့ ထင်တယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဆက်လက်၍ ၎င်းကပင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားသော ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အပြုသဘောဆောင်သော သဘောထား မှတ်ချက်များ ရှိနေကြောင်း၊ ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းမည့် အလားအလာ တွေ့မြင်နေရကြောင်း ဧရာဝတီသို့ ပြောသည်။

မြန်မာအစိုးရသစ်သည် ပြုပြင်ပြောင်းလဲမှုတချို့ကို ထင်သာမြင်သာရှိစွာ လုပ်ဆောင်လျက်ရှိသော်လည်း နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ နယ်စပ် တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တစုံတရာ အရေးယူဆောင်ရွက်ခြင်းများ မရှိသေးကြောင်း ပြည်တွင်းပြည်ပရှိ နိုင်ငံရေး အသိုင်းအဝန်းက ဝေဖန်နေကြသည်။

မြန်မာနိုင်ငံတွင်စစ်အစိုးရက တိုင်းရင်းသား မျိုးနွယ်စုများအပေါ် လူမဆန်သော ပြုကျင့်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကလေးစစ်သား အသုံးပြုမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မတရားဖိနှိပ်မှုများ ကျူးလွန် ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံကြီးများက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ခဲ့သည်။

Loading