တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA) ဗိုလ်ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးရန်ပြီးခဲ့သည့်တပတ်အတွင်း အစိုးရ ကိုယ်စားလှယ်များနှင့်၂ ကြိမ်တွေ့ဆုံခဲ့သည်။
DKBAအဖွဲ့သည် အစိုးရ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် ယခင်လ၂၆ ရက်နေ့နှင့် ယခုလ ၁ ရက်နေ့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သော ဘားအံနှင့် မော်လမြိုင်တို့တွင် တွေ့ဆုံဆွေးနွေးလျက် ရှိသည်။
ယခင်လ၂၆ ရက် ပဏာမမိတ်ဆက်တွေ့ဆုံစဉ်က DKBA ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေး၊ တပ်မဟာရုံး ထိုင်မှူး ဗိုလ်မှူးစိန်ဝင်းနှင့် ထောက်လှမ်းရေးမှူး ဗိုလ်မှူးပိဒါး တို့ပါဝင်ပြီး အစိုးရ ဘက်မှ ဦးသိန်းဇော်၊ ဦးအောင် သောင်း၊ ဦးမောင်မောင်သိန်း တို့နှင့်အတူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးအောင် လွင်၊ အရှေ့တောင်တိုင်းမှ ဗိုလ်မှူးတင်မောင်ဝင်းနှင့် ငြိမ်းချမ်းရေး အကျိုးဆောင် စောခင်စိုးတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထပ်မံဆွေးနွေးရန်အတွက် DKBA အဖွဲ့သည် အင်္ဂါနေ့က မော်လမြိုင်သို့ရောက်ရှိသွားပြီး အရှေ့တောင်တိုင်း တိုင်းမှူးနှင့်တွေ့ဆုံ ကာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု ဆွေးနွေးပွဲဖြစ်မြောက်ရန် စီစဉ်ဆောင်ရွက်ပေးသူ တဦးက ပြောသည်။
၎င်းက“ဆွေးနွေးနေကြတုံးပဲ၊၂ ရက် ၃ ရက်လောက်တော့ကြာမယ်၊ အသေးစိတ်ကတော့ သူတို့ပြန်လာမှပဲ သိရမယ်၊ အခြေ အနေ ကောင်းလို့ပဲ ထပ်တွေ့ကြတာ၊ တပ်စခန်း တည်နေရာ၊ နယ်မြေ သတ်မှတ်မှုတွေ၊ ဆက်ဆံရေးရုံးတွေဖွင့်မယ့် ကိစ္စတွေပါတယ် လို့တော့ သိရတယ်”ဟု ပြောဆိုသည်။
DKBA သည် အစိုးရကိုပြန်လည် တိုက်ခိုက်သည့် ယမန်နှစ် နိုဝင်ဘာလ အတွင်းမှစ၍ ယနေ့အထိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက လမ်းဖြစ်သော မြဝတီ-ကော့က ရိတ် လမ်းကြောအတွင်း အစိုးရတပ်များကို မကြာခဏ ထိုးစစ်ဆင်လျက်ရှိသည်။
ကရင်ပြည်နယ်မှ ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက“အစိုးရက DKBA နှုတ်ခမ်းမွေး အဖွဲ့နဲ့ အမြန်ဆုံး ငြိမ်းချမ်းရေးလုပ်မှ
ဖြစ်မယ်ဆိုတာ သိတယ်၊ အဓိက နယ်စပ်ကုန်သွယ်ရေးနဲ့ စီမံကိန်းလုပ်ငန်းတွေကို DKBA ရန်ကြောင့့် ဘယ်လိုမှအကောင် အ ထည်ဖော်လို့မရဘူး ဖြစ်နေတယ်၊ ချစ်ကြည်ရေး တံတားဖွင့်လို့ မရသလို၊ ထိုင်းဘက်က လာဖောက်ပေးမယ့် မြဝတီ၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ် ကားလမ်းစီမံကိန်းကိုလည်း ဘယ်လိုမှလုပ်လို့မရဘူး၊ ဒါကြောင့် DKBA ကိုစည်းရုံးနေတာဖြစ်တယ်” ဟု ပြောသည်။
DKBA မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင် က DKBA တဖွဲ့တည်းနှင့် ဆွေးနွေးခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးမရရှိနိုင်သောကြောင့် လက်ရှိ အစိုးရအနေနှင့် တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိနိုင်မည့် ရေရှည်အကျိုးကို လုပ်ဆောင် ရန်လိုသည်ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍“လက်ရှိ အစိုးရအနေနဲ့ စေတနာမှန်မှန်နဲ့ လုပ်မယ်ဆိုရင် ပြည်တွင်း အပစ်အခတ်ရပ်စဲရေးကို တနိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်ရမှာဖြစ်တယ်၊ အရင်လိုပဲ တကွဲတပြားစီဖဲ့ထုတ် စည်းရုံးမှုတွေ လုပ်နေမယ်ဆိုရင်တော့ ဘယ်လိုမှဖြစ်ပေါ်တိုး တက် လာမှာမဟုတ်ဘူး၊ ကရင် အပါအဝင် အခြားတိုင်းရင်းသား အားလုံးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုတယ်”ဟု ပြော သည်။
ယခင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို လက်မခံဘဲ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း အစိုးရကို
ပြန်လည်တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းပြီး မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည်။
သို့သော် လက်ရှိ DKBAအဖွဲ့က အစိုးရကိုယ်စားလှယ်များနှင့် အရှေ့တောင်တိုင်းနယ်မြေအတွင်း သွားရောက်ဆွေးနွေးခြင်းကို KNU နှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဟု KNU ခေါင်း ဆောင်တဦးက ပြောသည်။
KNU ဘက်ကမူ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် ဦးဆောင်မှုတခု အောက်တွင်သာ ပြုလုပ်သွားရန် ဆန္ဒရှိပြီး ဖဲ့ထုတ် စည်းရုံးမှုနှင့် အဖွဲ့ခွဲများ အမည်အမျိုးမျိုးနှင့် သွားရောက်ဆွေးနွေးမှုများကို မလိုလားကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ယခင်လ ၉ ရက်နေ့က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တွင် KNU အဖွဲ့နှင့် ပဏာမတွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။
၎င်းဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်ပြီး ပဒိုစော အားတိုး၊ ပဒိုစောလှထွန်းတို့ပါရှိကာ အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ဝန်ကြီး ဦးအောင်မင်း၊ တြိဂံ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ချစ်သန်း တို့ ပါဝင်ဆွေးနွေး ခဲ့ကြသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ အစိုးရနှင့် KNU အဖွဲ့တို့၏ ငြိမ်းချမ်းရေးထပ်မံ ဆွေးနွေးကြမည့် အခြေအနေမှာ လတ် တလော တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများမရှိသေးဟု သိရှိရသည်။