မြန်မာ့အလင်း သတင်းစာတိုက်တွင် ငွေ ကျပ် သိန်း ၈၀၀၀ စာရင်းကွာဟနေမှုကြောင့် ဝန်ထမ်းသုံးဦးကို တရားစွဲထားကြောင်း စုံစမ်း သိရှိရသည်။
ငွေကိုင်မန်နေဂျာ၊ စာရင်းကိုင်နှင့် ဖြန့်ချိရေးတာဝန်ခံ သုံးဦးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တရားစွဲထားခြင်းဖြစ် သည်။
၂၀၁၀ -၂၀၁၁ ငွေစာရင်း ရှင်းတန်း၌ သိန်း ၈၀၀၀ စာရင်းကွာဟနေမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ငွေစာရင်းကွာဟ မှုတွင် ပါဝင်ပတ်သက်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်နေကြောင်း သိရသည်။
“ဘယ်အချိန်ကတည်းက စာရင်းတွေကွာနေလဲ မသိဘူး၊ ဒီနှစ်မှ သိရတာ၊ အကြီးပိုင်းတွေ ပါဝင်ပတ်သက်နေလို့ စစ်ဆေးမှုတွေ လုပ်နေတယ်”ဟု မြန်မာ့အလင်း သတင်းစာတိုက်မှ စာတည်းမှူး တဦးက ပြောဆိုသည်။
ငွေစာရင်းကွာဟမှုကြောင့် တရားစွဲခံထားရသော ဝန်ထမ်းသုံးဦးသည် အင်းစိန်အကျဉ်းထောင်တွင် အချုပ်ကျခံနေရသည်ဟု ဝန်ထမ်းမိသားစုများက ပြောသည်။
“သူ့ရဲ့ အလုပ်ကို နားမလည်ပေမယ့် သိန်း ၈၀၀၀ ဆိုတဲ့ အလွဲသုံးစားမှု သူမလုပ်ပါဘူး”ဟု ငွေစာရင်းကွာဟမှုဖြင့် အချုပ်ကျနေ သော ဝန်ထမ်းတဦး၏ ညီမဖြစ်သူက ပြောဆိုသည်။
ယခု ငွေစာရင်းကွာဟမှု ဖြစ်ပွားနေချိန်သည် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်း ၏ နေရာကို နယ်စပ်ရေးရာ ဝန်ကြီး ဦးသိန်းဌေးက ယာယီ တာဝန်ယူထားသည်ဟူသော သတင်းများ ထွက်ပေါ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ဗိုလ်ချုပ်ကျော်ဆန်းနှင့် ငွေစာရင်း ကွာဟမှု ပတ်သက်ခြင်း ရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။
မြန်မာ့အလင်း သတင်းစာသည် စောင်ရေ ၁ သိန်း ၆ သောင်းခန့် နှင့် The New Light of Myanmar သည် စောင်ရေ ၁ သိန်းနီးပါး နေ့စဉ် ထုတ်ဝေ ဖြန့်ချိလျက်ရှိကြောင်း သိရသည်။