မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်တို့ ယနေ့ညနေ ၄ နာရီမှစတင်၍တနာရီ နီးပါးခန့် ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်တွင် တွေ့ဆုံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အသိုင်းအဝန်းက ပြောသည်။
မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
ဝန်ကြီးချုပ်ဟောင်း မဟာသီယာသည် လက်ရှိတွင် မလေးရှားနိုင်ငံ ပရိုတွန် ကားကုမ္ပဏီ ၏ အကြံပေးအရာရှိအဖြစ် ဆောင်ရွက် နေပြီး မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းချုပ်မှ ဖိတ်ကြားသည့်အတွက် ရောက်ရှိလာခြင်းဖြစ် သည်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၌ ကားအရောင်းပြခန်းများ ဖွင့်လှစ်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် စားအုန်းဆီ တင် သွင်းမှုနှင့် ပတ်သက်၍လည်း ဆွေးနွေးနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝန်းကို ကိုးကား၍ အမေရိကန် အခြေစိုက် VOA သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသည် မြန်မာကုန်သွယ်ဘက်နိုင်ငံများတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံပြီးလျှင် အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ် သည်။
အသက် ၇၆နှစ် အရွယ်ရှိ မဟာသီယာ မိုဟာမက်သည် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှား ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရာ မြန်မာနိုင်ငံသို့ အစိုးရ တရားဝင်ခရီးစဉ်အဖြစ် သုံးကြိမ် လာရောက်လည်ပတ်ခဲ့သူလည်း ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့သို့ ဝင်ခွင့်ပြုရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် နီးစပ် သူတဦးဖြစ်သည်ဟု လူသိများသည့် အာဆီယံ ခေါင်းဆောင်တဦးဖြစ်သည်။ အလားတူ မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ်သည်လည်း မလေးရှား ထိပ်တန်း နိုင်ငံခြားရေး သံတမန်တဦးပင်ဖြစ်သည်။
မဟာသီယာသည် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန်နှင့် ရင်းနှီးသူတဦးလည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရန် ကြိုးစားခဲ့ဖူးသည်။
သို့သော် ၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ အနီးတွင် တိုက်ခံခံရပြီးသည့်နောက်ပိုင်း စစ်အစိုးရအပေါ် စိတ်ပျက်သွားဟန်ရှိပြီး အာဆီယံ အသင်းမှ မြန်မာနိုင်ငံကို ထုတ်ပယ်ပစ်ရန် တောင်းဆိုခဲ့သည်။
ထိုအချိန်က မြန်မာနှင့် ဆက်ဆံရေး အနည်းငယ်ပျက်ပြားသွားခဲ့သည်။ ၂၀၀၃ နှစ်မှာပင် မဟာသီယာသည် ဝန်ကြီးချုပ် တာဝန် မှ အနားယူခဲ့သည်။
မဟာသီယာ မိုဟာမက်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်းကို လွန် ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ကြိုတင်ပြောဆိုခဲ့သူ ဖြစ်ပြီး ယခုခရီးစဉ်၌ နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံမှု ရှိမရှိကိုမူ မသိရပေ။
မဟာသီယာ အပါအဝင် ယခုရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီနိုင်ငံ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဝါနာဟိုယာ၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးမှု ဝန်ကြီး အဲရစ် ဆိုဟိန်း (Mr Erik Soheim)၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စနာနှင့် အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂျေဗီ နမ်ဘီးယားနှင့်လည်း တွေ့ဆုံခဲ့သေးသည်။