မကွေးတိုင်း ကံမမြို့နယ်အတွင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တည်ဆောက်မည့် ကော့စတစ် စက်ရုံနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးသားတိုင်ကြားခဲ့သည့် ထောက်မကျေးရွာမှ လယ်သမား ၈၈ ဦးကို ဒေသအာဏာပိုင်များက ခေါ်ယူစစ် ဆေးနေကြောင်း စုံစမ်းသိရသည်။

ဧရာဝတီမြစ်နံဘေးတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တည်ဆောက်မည့် ကော့စတစ်စက်ရုံနှင့် ပတ်သက်၍ လယ်သမား ၈၈ ဦးက လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်ဝန်းကျင် ပျက်စီးမှု ဖြစ်ပေါ်လာမည့်အရေး တားဆီးပေးရန်၊ လယ်သမားများဘက်မှ ရပ်တည်ပေးရန် သမ္မတနှင့် အဖွဲ့အစည်း အသီးသီးထံသို့ စက်တင်ဘာလအတွင်းက စာရေးသားပေးပို့ တိုင်ကြားခဲ့သည်။
အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ ယခင်တပတ် သောကြာနေ့ နံနက် ၁၀ နာရီမှ စတင်ကာ ကံမမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း လယ်သမား ဦးငွေကြီးက ဧရာဝတီသို့ ပြောသည်။
“လက်မှတ်ထိုးတဲ့ သူတွေကို ထမင်းမကျွေးဘဲ ညလုံးပေါက် စစ်တယ်၊ အားလုံးက အလုပ်ခွင်က လာကြရတာ ပင်ပန်းတယ်၊ နှိပ်စက်သလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ တောင်သူပေါင်း ၃၅ ယောက်ကို စစ်ဆေးပြီးသွားပြီ ဖြစ်ကြောင်း၊ တောင်သူများက တိုင်ကြားခဲ့သည်ဟု ဝန်ခံပြောဆိုခဲ့ရ ကြောင်း သိရသည်။
အဆိုပါ တိုင်ကြားစာကို သမ္မတဦးသိန်းစိန်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၊ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်တို့ကို စာရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်။
ပြည်မြို့မှ လူအခွင့်အရေး စောင့်ကြည့်သူ တဦးကလည်း တောင်သူများအနေဖြင့် ၎င်းတို့၏ အခက်အခဲများကို ပြည်သူ့ ဝန်ထမ်းများ ထံသို့ တင်ပြခြင်းသာဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များ၏ လုပ်ရပ်သည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဘက်မှ ရပ်တည်သကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြပြောဆိုသည်။
ကံမမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ အဆိုပါ ခေါ်ယူစစ်ဆေးမှုနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ရုံးတာဝန်ခံက ဟုတ်မှန်ကြောင်း၊ သို့သော် မည်သည့်အတွက် ခေါ်ယူစစ်ဆေးသည်ကိုမူ မပြောပြနိုင်ကြောင်း ပြန်လည်ပြောဆိုသည်။
ဧရာဝတီမြစ် တဘက်ကမ်းရှိ ပြည်မြို့နယ်နှင့် ကံမမြို့နယ်တို့ ထိစပ်နေသည့် ဝဲကြီး၊ ထောက်မ၊ တောင်ဘို့တရာ စသည့် ကျေးရွာ ပေါင်း ၂၀ ကျော်ရှိ လယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေ ဧက ၈၀၀၀ ခန့်ကို သိမ်းဆည်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က ပြီးခဲ့သည့်နှစ်အတွင်း ကော့စတစ်စက်ရုံ တည်ဆောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စက်ရုံတည်ဆောက်ရန် ကြိုးစားမှုကြောင့် ဆောက်လုပ်ရေး လုပ်သားများနှင့် လယ်သမားများ အချင်းများကာ မကွေးတိုင်း တရားရုံးတွင် တရားရင်ဆိုင် ခဲ့ကြရသေးသည်။