မြန်မာ့ရုပ်ရှင်ကို မြန်မာအများစုရှိတဲ့ ပြည်ပနိုင်ငံတွေမှာ ပုံမှန် ပြသနိုင်ဖို့အတွက် ကြိုးစားလာ ကြပေမယ့် ဖန်တီးမှုတွေထဲမှာ မသိမသာခိုးချထားတာတွေ၊ သိသိသာသာ ခိုးချထားတာတွေ ပါနေတာကြောင့် ဆင်ဆာဥပဒေနဲ့ ငြိစွန်းမှာကို စိုးရိမ်ပြီး ပြသဖို့ အခက်အခဲဖြစ်နေကြပါတယ်။
ပြီးခဲ့တဲ့လကဆိုရင် မြန်မာပရိသတ်တွေ ရှိရာ စင်ကာပူနိုင်ငံမှာရှိတဲ့ Kreta Ayer Theater မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ဆိုတဲ့ မြန်မာဇာတ်ကားကို ရုံတင်ပြသခဲ့ပါတယ်။ လာကြည့်တဲ့ ပရိသတ် ရှိပေမယ့် ဇာတ်ဝင်သီချင်း သံစဉ်က ဂျပန်သံစဉ် ဖြစ်နေတာကြောင့် စင်ကာပူအစိုးရရဲ့ ဆင်ဆာဖြတ်တာကို ခံယူပြီးမှ ဆက်လက်ပြသခွင့် ပြုတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားတွေကို ပြည်ပမှာ ပြသနိုင်ဖို့အတွက် ကိုယ်ပိုင်ဖန်တီးမှု အနုပညာတွေသာ ပါဝင်တဲ့ ဇာတ်ကားတွေကို ရွေးချယ်ကြရလို့ ရှားပါးတာကြောင့် ပုံမှန်ပြသဖို့ ခက်ခဲလာပါတယ်။
မြန်မာဗီဒီယို ဇာတ်ကားတွေကို ကြည့်လိုက်မယ်ဆိုရင် ဇာတ်ဝင်တေးတွေက ရှိထားပြီးသား ကော်ပီသီချင်းတွေ၊ နောက်ခံ တီးလုံးတွေကလည်း ကမ္ဘာကျော် ဂီတပညာရှင်ကြီးတွေရဲ့ တေးသွားတွေချည်း တော်တော်များများ တွေ့ရပါတယ်။ ယူသုံးတဲ့ သူတွေ အနေနဲ့ ဒါကိုပြဿနာလို့ ယူဆပုံ မရကြပါဘူး။ နာမည်ကြီး ဒါရိုက်တာတွေတောင် ဒီပုံစံ၊ ဒီအချိုးအတိုင်းပဲ အသားကျနေ ကြပါတယ်။
တကယ့်တကယ် နိုင်ငံတကာကို ချပြတော့မယ်ဆိုတော့ ကိုယ်ပိုင်ဖန်တီးထားတာ မရှိတော့ဘဲ ဒုက္ခရောက်ကြတော့ တာပါပဲ။ သေသေချာချာ တွေးကြည့်မယ်၊ နိုင်ငံတကာကို မြန်မာ့အနုပညာ ဝင်တိုးချင်တယ် ဆိုရင် ခိုးယူဖန်တီးမှုတွေကို စွန့်လွှတ်သင့် ပါပြီ။
သီချင်းတွေ ရေးစပ်ရာမှာ တချို့က ပေါ်ပေါ်တင်တင်ပဲ ကော်ပီလို့ ပြောကြပေမယ့် တချို့ တရုတ်သံစဉ်၊ ဂျပန်သံစဉ်၊ ထိုင်းသံစဉ် စတာတွေကို ကိုယ့်သံစဉ်လိုလို၊ ဘာလိုလို လုပ်ပြီး စာသားထည့်ဆိုလိုက်ကြတာ အဆိုတော်ကိုယ်တိုင်တောင် ကိုယ်ပိုင်သံစဉ်လား၊ ကော်ပီလား မသိကြတာတွေ ရှိပါတယ်။ ဒါကိုပဲ စာသားသွင်းသူက တေးရေးနာမည် ခံတာမျိုးကတော့ မြန်မာပြည်မှာပဲ ရှိမလား မပြောတတ်ပါဘူး။ အဲဒါကို အဆိုတော်လုပ်သူက ကိုယ်ပိုင်သံစဉ်ထင်ပြီး နိုင်ငံတကာ ခရီးထွက်တဲ့ အချိန်မှာ ဆိုလိုက်တော့မှ သူများသံစဉ်ကြီးလို့ အပြောခံရတဲ့အခါ ပိုရှက်ဖို့ကောင်း မနေဘူးလား။
ဒါက သီချင်းပြဿနာ တခုတည်း မဟုတ်ပါဘူး။ အခု အချိန်မှာ မြန်မာ့ရုပ်ရှင်၊ မြန်မာ့ဂီတကို နိုင်ငံတကာမှာ ချပြဖို့ စီစဉ်မယ် ဆိုတော့ ကိုယ်ပိုင်ဖန်တီးမှုက အရေးပါလာပါပြီ။ တချို့ ဇာတ်ကားတွေဆိုရင် တကားလုံးက နိုင်ငံခြားကားကို အစအဆုံး မြန်မာမှု ပြုထားပေမယ့် ဇာတ်ကားအဆုံးမှာ ဘယ်ဟာကို မှီးပါတယ်ဆိုတာလေးတောင် ထည့်မထား၊ ပရိသတ်ကလည်း ကိုယ်တိုင်ဖန်တီးတာ မှတ်ပြီး ကောင်းလိုက်တာလို့ ချီးကျူး၊ သိတဲ့သူတွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်၊ ဒါမျိုးတွေလည်း ကြုံဖူးမှာပါ။ ဘယ်ကယူပါတယ်၊ ဘယ်ဟာကို မှီးပါတယ်ဆိုတဲ့ စာတကြောင်းလေး မပါတာဟာ မူရင်းဖန်တီးသူကို သာမက ပရိသတ်ကိုပါ မလေးမစားလုပ်ရာ၊ စော်ကားရာကျတယ်ဆိုတာ သိသင့်ပါတယ်။
သတင်းရေးတာပဲဖြစ်ဖြစ်၊ သတင်းဓာတ်ပုံ သုံးတာပဲဖြစ်ဖြစ် သတင်းမူလဇစ်မြစ်၊ ဓာတ်ပုံဘယ်ကယူသုံးတယ် ဆိုတာ ရေးရပါတယ်။ စာအုပ်ဘာသာပြန်ရင်ပဲဖြစ်ဖြစ်၊ ဝတ္ထုတို ဘာသာပြန်တာပဲဖြစ်ဖြစ် မူရင်းစာရေးသူ နာမည်နဲ့ မူရင်း ဝတ္ထု နာမည်ကို ဖော်ပြကြရတာပါ။ ကိုယ်က ဆင်းရဲတဲ့နိုင်ငံမို့လို့၊ ငွေကြေးမတတ်နိုင်လို့ ဖန်တီးမှုတွေကို ဝယ်ယူမသုံးစွဲ နိုင်ရင်တောင် “credit” ကတော့ ပေးကိုပေးရမှာပါ။ ဒါက မူပိုင်ခွင့်ရှိတဲ့ သူကိုလေးစားတာ၊ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အလေ့အကျင့်တခုပါ။ ငွေပေးပြီး ဝယ်ယူသုံးစွဲထားရင်တောင် ဖန်တီးသူကို “credit” ကတော့ ပေးရပါတယ်။ ဈေးထဲက ကြက်သွန်၊ အာလူး ဝယ်တာမျိုးဆိုရင်တော့ တမျိုးပေါ့လေ၊ ပိုက်ဆံပေးပြီး သူ့ဟာကို ကိုယ့်ဟာလုပ်လို့ရပါတယ်။
တခေတ်တခါက မြန်မာ့ရုပ်ရှင်သီချင်း ဆိုတဲ့ ခေတ်တခေတ် ရှိခဲ့တာ မှီတဲ့သူတိုင်း သိမှာပါ။ ရုပ်ရှင်တကားအတွက် ဒီဇာတ်ကားမှာ ထည့်မယ့် သီချင်းတွေကို သီးသန့်စပ်ကြပါတယ်။ ဒီမှာသုံးမယ့် ဂီတတေးသွား၊ နောက်ခံတေးတွေကိုလည်း ဂီတမှူးတွေဆီ သီးသန့် အပ်ကြပါတယ်။ ရှေ့ကောနောက်ကော မှီတာကို ပြမယ်ဆိုရင် သင်္ကြန်မိုးလို၊ ဒဏ္ဍာရီလို ကားမျိုးတွေ ပြလို့ရပါတယ်။ ဒီဇာတ်ကား တွေက သီချင်းတွေဆိုရင် စီးရီးတခွေစာ ပြန်ထုတ်လို့တောင် ရခဲ့ပါတယ်။
မြန်မာပြည်အနေနဲ့ ဒီမိုကရေစီနိုင်ငံ အဖြစ်သွားတော့မယ်လို့ ကြွေးကျော်နေကြပါပြီ။ အဲဒီအခါ အနုပညာကလည်း ငါနေခဲ့မယ် လို့ လုပ်လို့မရတော့ဘူး။ ဒီတော့ မူပိုင်ခွင့်ဆိုတာနဲ့ ပတ်သက်လို့ အလေ့အကျင့်ကောင်းတွေ ရှိထားဖို့ လိုအပ်နေပါပြီ။ မြန်မာ့ရုပ်ရှင်၊ မြန်မာ့ဂီတ နိုင်ငံတကာကို ချပြတော့မယ် ဆိုရင်တော့ မူပိုင်ခွင့်ကို သိရုံနဲ့ မရတော့ဘူး၊ ကိုယ်ပိုင် ဖန်တီးမှပဲ ရတော့မှာပါ။
အနုပညာဆိုတာကတော့ ကိုယ်ပိုင်ဖန်တီးနိုင်ရင် အကောင်းဆုံးပါ၊ ကိုယ်တိုင် မဖန်တီးနိုင်ဘူး ဆိုရင်တောင် ဖန်တီးသူကို လေးစားသမှုနဲ့ “credit” ပေးပြီး မူပိုင်ခွင့်နဲ့ ပတ်သက်လို့ အလေ့အကျင့် လုပ်သင့်ပါပြီ။
မြန်မာ့ရုပ်ရှင်လောကသားတွေ၊ ဂီတလောကသားတွေ အနေနဲ့ ခိုးကူးခွေထုတ်တဲ့သူတွေကို မကျေနပ်ကြတာ၊ ထုတ်ဖော် အရေးယူချင်ကြတာ အားလုံးအသိပါ။ ကိုယ်ပင်ပင်ပန်းပန်း လုပ်ထားရတာလေးတွေကို သူများက အလွယ်အတူ အညွန့် ခူးစားတာ ဘယ်သူက ကြိုက်မှာတဲ့လဲ။
ခိုးကူးသမားတွေကို နှိမ်နင်းချင်တယ် ဆိုရင်တော့ ကိုယ်တိုင်အရင်ဆုံး သူခိုး မဖြစ်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ သူခိုးလက်က သူဝှက်လုတာပဲလို့ သဘောထားပြီး ခွင့်လွှတ်လိုက်ရုံသာ ရှိပါတော့တယ်။
နိုင်ငံတကာမှာ မြန်မာ့ရုပ်ရှင်နဲ့ ဂီတ အရှက်ရခြင်းမှ ကင်းဝေးပါစေ။
မယောင်ရာဆီလူးတဲ့ ဆင်ဆာ
နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားတချို့၊ မှတ်တမ်းရုပ်ရှင်တချို့ ဝင်ရောက် ယှဉ်ပြိုင် ပြသတာ၊ ဆုရာတာတွေ ရှိနေပေမယ့် ဒီဇာတ်ကားတွေကို ပြည်တွင်းမှာ ပြသခွင့် မရတာတော့ တော်တော်ထူးဆန်း နေမလားပဲ။
၂၀၁၀ အောက်တိုဘာလက ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ Festival of Photos, Reportage Film and Documentary Film on the Countries and People in ASEAN မှာ Best Documentary 2010 အမျိုးအစားအတွက် ဒုတိယဆု ရရှိခဲ့ဖူးတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ “အင်းသီး” ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကို အခုအချိန်ထိ မြန်မာ့ ရုပ်သံလိုင်းတွေမှာ ပြသခွင့် တင်ထားပေမယ့် မရသေးပါဘူး။
“အင်းသီး” ဆိုတာ အင်းလေးကန် မှာရှိတဲ့ ခရမ်းချဉ်သီးစိုက်ခင်းတွေမှာ ဓာတုဗေဒဆေးတွေ အများအပြား ပါဝင်နေတာကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုရှိနိုင်တဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်ကား ဖြစ်ပါတယ်။
နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ဖူးတဲ့ မှတ်တမ်း ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံမှာ ပြသဖို့ ခက်ခဲနေပေမယ့် ပြည်တွင်းမှာ ပြသခွင့်ရတဲ့ ဇာတ်ကားတွေက နိုင်ငံတကာမူပိုင်ခွင့်တွေနဲ့ ဟိုငြိ ဒီငြိ ဖြစ်နေတယ် ဆိုတာကတော့ မြန်မာနိုင်ငံက ဆင်ဆာ ဘုတ်အဖွဲ့ရဲ့ အလွဲလားဆိုတာကို မေးခွန်းထုတ်စရာ ရှိပါတယ်။
မြန်မာ့အနုပညာနဲ့ ကမ္ဘာကို ထိုးဖောက်မယ်ဆိုရင်တော့ မြန်မာဆင်ဆာအဖွဲ့ရဲ့ မယောင်ရာဆီလူး ပုံစံတွေကို အရင်ဆုံး ပြင်ရမယ် ဆိုတဲ့အကြောင်း …။
ဆန့်ကျင်ဘက်များနဲ့ ရသ
မြန်မာပြည်ဟစ်ပ်ဟော့ပ်ရဲ့ ဒုတိယမျိုးဆက်လို့ အမည်တပ်ခံရတဲ့ အဆိုတော် ရသက မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲရဲ့ “ခေတ်အလိုက် ခေတ်အကြိုက်” ခေါင်းစဉ်နဲ့ သီချင်းပြိုင်ပွဲမှာ ရခဲ့တဲ့ ရွွှေတံဆိပ်ဆုကို အိမ်ဦးခန်းမှာ ချိတ်ထားမယ်လို့ ဆိုပါတယ်။
၁၈ ကြိမ်မြောက် ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ရသက ဇော်ဝင်းထွဋ်ရဲ့ “မဟာ” သီချင်းကို မဲကျပြီး ယှဉ်ပြိုင်ခဲ့တာလို့ သိရပါတယ်။
တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ရော့ကာကြီး ဇော်ဝင်းထွဋ်ဟာ “မဟာ” တေးစီးရီးခွေ ထွက်ရှိပြီးနောက်မှာ အဲဒီအခွေထဲက ပေါ်လစီဆန်တဲ့ သီချင်းတွေကြောင့် ပရိတ်သတ် တချို့ရဲ့ ပြစ်တင် ဝေဖန်သံတွေနဲ့ အတူ အောင်မြင်မှုတွေ မှေးမှိန်ခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဟစ်ပ်ဟော့ပ် ဆိုတဲ့ ရသဟာ နိုင်ငံတော် အသိအမှတ်ပြု ဆုတံဆိပ်ကို လိုချင်တာကြောင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ခဲ့တာလို့လည်း ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ပြောဆိုခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ရဲ့ ခေါင်းဆောင်ဟောင်းတဦး ဖြစ်ခဲ့တဲ့ ဦးသိန်းညွန့်အတွက် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှာ မဲဆွယ် စည်းရုံးပေးခဲ့ ဖူးတဲ့အပြင် အသက်ရှင်နေချိန် အတွင်း နိုင်ငံအတွက် တန်ဖိုးရှိတာတွေ လုပ်ချင်လို့ နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောဆိုဖူးပါတယ်။ အခုအချိန်မှာတော့ ဦးသိန်းညွန့် တည်ထောင်တဲ့ ပါတီသစ်မှာ ပါတီဝင်တယောက်အဖြစ် ရှိနေပြီး လူမှုရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင် နေပါတယ်။
ရသကို ခေါင်းစဉ်တပ်မယ်ဆိုရင် နိုင်ငံတော် အသိအမှတ်ပြု ဆို၊ က၊ ရေး၊ တီး ရွှေတံဆိပ်ဆုရှင်လား၊ ဒါမှမဟုတ် နိုင်ငံရေးသမားလား၊ လူမှုရေး လုပ်သူလား၊ ဟစ်ပ်ဟော့ပ် ဂီတသမားလား။ ထူးဆန်းတာကတော့ အဲဒါအားလုံးက တခုနဲ့ တခု ဆန့်ကျင်ဘက်တွေ ဖြစ်နေတာပါပဲ။