မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနိုင်ငံတကာညီလာခံသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့မနက်ပိုင်းက
တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်နှင့် ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သော ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း အစည်းအဝေး၏ နောက်ဆုံးနေ့တွင်မှ ရန်ကုန်တွင် ကျင်းပသည့် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် လာတက်တော့ တအားပေါ့။ အားလုံးက တက်တက်ကြွကြွ ရှိကြတယ်။ အရင်နေ့က အစည်းအဝေးမှာ လူသိပ်မရှိဘူး။ ဒီနေ့တော့ သတင်းထောက်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ စုံစုံညီညီ စည်စည်ကားကား ရှိတယ်” ဟု အစည်းအဝေး ပုံမှန် တက်ရောက်နေသော ပြည်တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်၊
ဒေါက်တာသန့်မြင့်ဦး၊ ကုလသမဂ္ဂတွင် လက်ထောက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ နေထွန်းအပါအဝင် နိုင်ငံပေါင်းစုံမှ သံအမတ်များ၊ နိုင်ငံတကာမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို ထွန်းဖောင်ဒေးရှင်းဘဏ်၊ Myanmar Development Resource Center (MDRC)၊ Myanmar Academy For Agriculture, Forestry, Livestock and Fisheries Sciences ၊ Myanmar Engineering Society (MES)၊ Association of Myanmar Architects(AMA)၊ Environmental Economic Research Institute (ERRI)၊ Yangon Media Group၊ Forest Resource Environmental Development and Conservation Association (FREDA)၊ Water, Research and Training Center (WRTC)၊ Myanmar Agribusiness and Rural Development Consultants (ARDC) စသည့် အဖွဲ့အစည်းများက ကူညီပံ့ပိုးကြကြောင်း သိရသည်။
“ပွဲရဲ့အဓိက ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိစ္စတွေ လုပ်ဖို့ မြန်မာအစိုးရ၊ NGO၊ INGO တွေ ပါဝင်တဲ့ ကောင်စီတခု ဖြစ်လာတဲ့အထိ ရည်ရွယ်တယ်။ ဒါနဲ့ ပတ်သက်လို့ နည်းပညာတွေ၊ အတွေ့အကြုံ တွေကို ရဖို့လည်း ရည်ရွယ်ပါတယ်။ အခုလိုပွဲမျိုးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့အတွက် နိုင်ငံတကာမှာ ဒီညီလာခံရဲ့ Image က ပိုပြီး ပေါ်လွင် ထင်ဟပ်စေမှာပါ” ဟု ပွဲစီစဉ်သူတဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ အစည်းအဝေး တက်ရောက်ခဲ့ပြီး ယနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင် အစည်းအဝေး တက်ရောက်ရန်နှင့် အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံ ရန် ရှိသောကြောင့် နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အစိမ်းရောင် စီးပွားရေးဆိုင်ရာ နိုင်ငံတကာညီလာခံသို့ အိန္ဒိယ၊ နော်ဝေ၊ ဂျပန်၊ အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊
မလေးရှားနိုင်ငံ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံမှ ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူများ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း အဆောက်အုံတွင် ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည့်နောက်ပိုင်း နိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်ရေး ကဏ္ဍနှင့် ပတ်သက်၍ ပိုမို ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည်။
ိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် ြ
ပြီးခဲ့သည့် သြဂုတ်လအတွင်းက နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲ မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့ စက်မှုဖွံဖြိုးရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့စီးပွားရေးပညာရှင် ဦးမြင့်နှင့် တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများအား တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ မကြာသေးမီက စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးရာတွင် လည်း တိုင်းပြည်စီးပွားရေး ဖွံဖြိုးတိုးတက်လာစေရန် လွတ်လပ်စွာ ကုန်သွယ် ကူးသန်းရောင်းဝယ်ခွင့်၊ လွတ်လပ်စွာ ငွေကြေး လည်ပတ် သုံးစွဲခွင့်တို့ကို ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာ့စီးပွားရေးကဏ္ဍတွင် ကျပ်ငွေ တန်ဖိုးမြင့်တက်နေမှုကြောင့် ပြည်ပပို့ကုန်များ ကျဆင်းလျှက် ရှိနေရာ ငွေကြေးတန်ဖိုး တည်ငြိမ်စေရန်အတွက် အစိုးရက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို အကူအညီ တောင်းခံခဲ့သည်။
ထိုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက IMF ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲရေးနှင့် လွတ်လပ်စွာ ငွေကြေးလည်ပတ် သုံးစွဲခွင့်ရှိရေးတို့နှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းပိုင်းတွင် အကူအညီပေးရန် လာရောက်လေ့လာခဲ့သည်။
ယခုတလော အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ်များ၊ ဆွေးနွေးပွဲများ မြန်မာနိုင်ငံ၌ လက်ခံကျင်းပမှု များပြားလာရာ ၃၇ ကြိမ် မြောက် အာဆီယံ – ဂျပန် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပလျှက်ရှိသည်။
ဥရောပသမဂ္ဂမှ စီးပွားရေး ပညာရှင်တချို့ ပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့သည်လည်း မြန်မာ့ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို လာမည် နိုဝင်ဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။