နိုင်ငံတော် သမ္မတ၊ ဒုသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများသည် မည်သည့် လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရဆိုသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ကာလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ပြင်ဆင်သည့် ဥပဒေမူကြမ်းတရပ်ကို အမျိုးသား လွှတ်တော်၌ မကြာမီ တင်သွင်းနိုင်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
အဆိုပါ ပြင်ဆင်ချက်ဥပဒေမူကြမ်းသာ လွှတ်တော်တွင်အတည်ပြုပါက လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ် ရမည့်မဲဆန္ဒနယ်များမှာ အများကထင်မြင်နေသကဲ့သို့များပြားတော့မည်မဟုတ်သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထင်ကြေး ပေး ပြောဆိုခံနေရသည့် အမျိုးသားဒီမိုကရေစီ အဖွ့ဲချုပ်(NLD)နှင့် မဟာမိတ်ပါတီများအတွက် များစွာမျှော်လင့်စရာ မရှိတော့ပေ။
ပြီးခဲ့သည့် မတ်လထုတ် ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ဂျာနယ်တွင် လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ် နေရာပေါင်း ၇၀ ရှိသည်ဟု ရေးသားထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၂ တွင် နိုင်ငံတော် သမ္မတသို့မဟုတ် ဒုသမ္မတများသည် မည်သည့် လွှတ်တော် ကိုယ် စားလှယ်မျှ မဖြစ်စေရ၊ အလားတူ ပုဒ်မ ၆၃ တွင် သမ္မတ နှင့် ဒုသမ္မတများသည် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် နေ့မှစ၍ လွှတ် တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ ဝန်ထမ်း အဖြစ်မှလည်းကောင်း နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်ရမည် ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် သမ္မတ ဦးသိန်းစိန်သည် ဇမ္ဗူသီရိမြို့နယ်၊ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ပုဗ္ဗသီရိ မြို့နယ်တို့မှ အခြား သော အစိုးရ ခေါင်းဆောင်များနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သမ္မတနှင့် ဒုသမ္မတအဖြစ် တာဝန်ယူသည့်အချိန်မှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့ရသည်။
ယခု ဧရာဝတီမှ လက်ခံရရှိထားသည့် ပြင်ဆင်ချက် တင်သွင်းမည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၆၂ကို ပယ်ဖျက်၍ လည်ကောင်း၊ ပုဒ်မ ၆၃ တွင် သမ္မတ သို့မဟုတ် ဒုသမ္မတ များသည် မူလ မိမိရွေးချယ်သည့် မြို့နယ်များ၏ လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ပြန် လည် ရပ်တည်ခွင့်ရှိသည်ဟု ဖြည့်စွက် ပြင်ဆင်ထားသည်။
အလားတူ ပြည်ထောင်စု ဝန်ကြီး၊ ဒု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်များနှင့် ပတ်သက်၍လည်း နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးပါက လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ဖွဲစည်းပုံ အခြေခံ ဥပဒေ ပါ သက်ဆိုင်ရာ ပုဒ်မများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရ သည်။
တိုင်းဒေသကြီး သို့မဟုတ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများသည် အသက် ၆၅ နှစ် ပြည့်သည်အထိ တာဝန် ထမ်းဆောင်နိုင်ခွင့်ရှိသည်ဟု မူလ ပြဋ္ဌာန်းချက်အစား၊ အကြောင်း တရပ်ရပ် မပေါ်ပေါက်လျှင် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်း အတိုင်း တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။
ယခုနေပြည်တော်၌ ကျင်းပနေသည့် ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသည် လာမည့် နိုဝင်ဘာလလယ် ၌ ပြီးဆုံး မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဥပဒေပြဋ္ဌာန်းချက်မှာ ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲရှိနိုင်မည်ကို ကြိုတင်ဟောကိန်းထုတ်သကဲ့သို့ ဖြစ်နေသည်။