မြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းအပါများ ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတွင် တရားစွဲဆိုနိုင်ရေးကို ဦးတည်၍ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး
ကော်မရှင် (COI) ဖွဲ့စည်းရန် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)က ယနေ့ တောင်းဆိုလိုက်သည်။
WLB က ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် International Center – IC ခန်းမ၌ “အမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပါ” အမည်ရသည့် မှတ်တမ်း ဗီဒီယို အခွေ ထုတ်ဝေ ဖြန့်ချိရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယင်း ဗီဒီယိုခွေ၌ အစိုးရ စစ်တပ်က ကချင်၊ ကရင်နှင့်ရှမ်းပြည်နယ်များတွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ဒေသခံအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြု ကျင့်မှုများ၊ ရာဇဝတ်မှု ကျူးလွန်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဓိက မှတ် တမ်းတင်ထားသည်။
“၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်းမှာ အခု အသစ်တက်လာတဲ့ အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်နေပါတယ် လို့ ပြောနေတဲ့ အချိန်မှာ တဖက်မှာ ထိုးစစ်တွေ ဆင်နေတယ်၊ စစ်ပွဲတွေ ပိုပြီးတော့ ပြင်းပြင်ထန်ထန် ဖြစ်လာတဲ့ နေရာ ဒေသ မှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေ ပိုများလာတယ်”ဟု WLBမှ သဘာပတိ အဖွဲ့ဝင် ဂျန်မွန်းနေလီ က ဧရာဝတီသို့
ပြောသည်။
WLB ၏ ထုတ်ပြန်ချက်တွင်လည်း ယင်းမှတ်တမ်းဗီဒီယိုသည် အစိုးရ စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ရသူများ၏ အင်တာဗျူးများ အပါအဝင် အထောက် အထား ခိုင်လုံစွာဖြင့် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
“မြန်မာစစ်အစိုးရ အနေနဲ့ အမျိုးသမီးတွေအပေါ်မှာ အတင်းအဓမ္မပြုကျင့် မှုတွေအပါအဝင် အခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုတွေ အစီအစဉ်ချ ကျူးလွန် ခွင့်ပြုထားတယ်ဆိုတာကို ဒီမှတ်တမ်းခွေက ပိုပြီးသက်သေပြ နေပါတယ်”ဟု WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း ကချင်ဒေသခံ အမျိုးသမီး ၁၈ ဦး မုဒိန်းကျင့်ခံရပြီး ၄ ဦး အသတ်ခံခဲ့ရကြောင်း၊ အစိုးရ၏ ခြေမြန်တပ်ရင်း အမှတ် ၄၃၇၊ ခြေလျင်တပ်ရင်း အမှတ်၂၃၇ ရှိ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ကချင် အမျိုးသမီး အစည်းအရုံး (KWAT) က ထုတ်ပြန်ခဲ့သည်။
မတရားကျင့်ခံရသူတို့မှာ မိုးမောက်၊ မိုးညှင်း၊ မန်စီ၊ ဒေါဖုံးယမ်မြို့နယ်များမှ ဒေသခံများ ဖြစ်သည်ဟု KWAT ထုတ်ပြန်ချက်က ဆိုသည်။
ထိုသို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် COI ဖွဲ့စည်းရေးကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံကြောင်း ပြောကြားထားသည်။
ဇွန်လ၂၂ ရက်က ကျင်းပသည့် အမေရိကန် အောက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေး ကြားနာ ပွဲသို့ပေးပို့သော ကြိုတင်အသံသွင်းထားသည့် ဗီဒီယိုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှု မည်ကဲ့သို့ အခြေအနေရှိသည်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ရေး အတွက် လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာ တောင်းဆိုထားသည့် COI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။