တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်သို့ တနင်္ဂနွေနေ့တွင် ရောက်ရှိလာပြီး အာဏာပိုင်တို့က နေပြည်တော် လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။
၁၉၉၆ ခုနှစ်ကမြန်မာနိုင်ငံသို့ စွယ်တော်ကြွချီလာပြီး ရန်ကုန်မြို့တွင် ပူဇော်ထားစဉ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့သဖြင့် ယခုတကြိမ်တွင် လုံခြုံရေး ပိုမို တင်းကျပ်ထားခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ တာဝန်ကျ ရဲအရာရှိများက ပြောကြားသည်။
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတွင် ပူဇော်ထားသော စွယ်တော်အား ဖူးမျှော်ရန် လာရောက်သူများအား ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဖုန်း၊ ကင်မရာ၊ လက်ကိုင်အိတ်၊ ဖိနပ် အပါအဝင် မည်သည့်ပစ္စည်းကိုမျှ ယူဆောင်ခွင့် ပြုမည်မဟုတ်ကြောင်း ဂေါပကအဖွဲ့က ကြေညာချက် ထုတ်ထားသည်။
“၁၉၉၆ ခုနှစ်က တုန်းကလို ဖြစ်မှာစိုးလို့ ဒီလို တားမြစ်ထားတာပါ” ဟု လုံခြုံရေးတာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
မြန်မာပြည်သို့ မြတ်စွယ်တော်ရောက်ရှိလာသည့် တနင်္ဂနွေနေ့က နေပြည်တော်ရှိ လမ်းမကြီးတချို့အား ပိတ်ထားခဲ့သည်။
“မွန်းလွဲ ၁၂ နာရီ ဘောဂသီရိကားဝင်းက ထွက်တဲ့ ကားတွေ ၄ နာရီကျော်မှပဲ ထွက်ရတယ်။ လမ်းတွေ ပိတ်ထားတယ်လေ” ဟု အဝေးပြေးကားလိုင်းတခုမှ ယာဉ်မောင်းတဦးက ပြောသည်။
ဤအတောအတွင်း ရာဇဌာနီ၊ ရာဇသင်္ဂဟ၊ ပျဉ်းမနား-တောင်ညိုလမ်း စသည့် လမ်းမကြီးများပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ရော ညပါ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ညဘက်ဆို ပရဆေးဥယျာဉ်နားနဲ့ နေပြည်တော် မြို့တော်ခန်းမနားက အမှတ် ၁ ရဲစခန်းရှေ့မှာ ရဲတပ်ဖွဲ့ဝင် ၄၀၊ ၅၀ လောက် အထိက ဝင်လာသမျှ ကားမှန်သမျှကို စစ်ဆေးတယ်။ ကားနံပတ်နဲ့ မှတ်ပုံတင် နံပတ်ပါ မှတ်ထားကြတယ်” ဟု နေပြည်တော်ရှိ အစိုးရဝန်ထမ်းတဦးက ပြောသည်။
မော်တော်ယာဉ်များကိုလည်း မိုင်းရှာကရိယာဖြင့် စစ်ဆေးနေသည်ဟု စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်။
အဝေးပြေး ကားလက်မှတ် အရောင်းဌာနများကလည်း ခရီးသည်ကိုယ်တိုင် မှတ်ပုံတင်ပြ ဝယ်ယူမှသာ လက်မှတ် ရောင်းချပေးနေကြောင်းလည်း ဒေသခံ ခရီးသွားများက ပြောသည်။
ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီး ၃ မြို့တွင် ၁၆ ရက်စီ အပူဇော်ခံမည်ဟု အစိုးရက ကြေညာထားသည်။
နေပြည်တော်ရောက် ဗုဒ္ဓမြတ်စွယ်တော်အား သမ္မတဦးသိန်းစိန် နှင့် အစိုးရခေါင်းဆောင်များ သွားရောက် ဖူးမြော်ကြကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
စွယ်တော်မြတ်သည် တောင်အာရှဒေသမှ အဆင့်ဆင့် ပင့်ဆောင်လာကြရာ နောက်ဆုံး တရုတ်နိုင်ငံသို့ ရောက်ရှိပြီး သီတင်းသုံး စံပယ်ခဲ့ကြောင်း တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာ ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။ ယခုတကြိမ်နှင့်ဆိုလျှင် မြန်မာနိုင်ငံသို့ စွယ်တော်မြတ် ကြွချီခြင်းမှာ ၄ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။