နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲ တနှစ်ပြည့်ချိန်တွင် ဗဟိုအဆင့် ပြောင်းလဲမှု တချို့ရှိခဲ့သော်လည်းအောက်ခြေ အုပ်ချုပ်ရေးအဆင့်၌ ဒီမိုကရေစီဆန်သော ပြောင်းလဲမှု တစုံတရာ မတွေ့ရ သေးကြောင်း နိုင်ငံရေးခေါင်းဆောင် တချို့က ပြောသည်။

“လွှတ်တော်တွေမှာတော့ အပြန်အလှန် ပြောဆိုဆွေးနွေးမှု တွေ့ရပါတယ်၊ ဒါဟာ တိုးတက်မှုတရပ်လို့ ပြောရမှာပါ။ ဒါပေမယ့် ပြည်နယ်အစိုးရအဖွဲ့ လုပ်လို့ ပြောင်းလဲသွားတာ ဒီနေ့အထိ မတွေ့ရသေးပါဘူး။ ပြည်သူတွေဟာ ထမင်းနပ်မှန်ဖို့ မနည်း ကြိုးစားနေရတာ တွေ့ရတယ်” ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်ကလည်း မြို့ပြနှင့် ကျေးလက်ဒေသများရှိ ပြည်သူများအကြား ဒီမိုကရေစီစံအရ အပြောင်းအလဲ မမြင်တွေ့ရသေးကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး စနစ်များမှာ ယခင် နအဖ အုပ်ချုပ်ရေး ကာလ ပုံစံအတိုင်း ဖြစ်နေသေးကြောင်း ပြောသည်။
“တနှစ်ပြည့်မှာ ပထမဆုံး ပြောချင်တာကတော့ လူထုဆန္ဒမပါဘဲ မဲလိမ်၊ မဲခိုးပြီး ပေါက်ဖွားလာတဲ့ အစိုးရဖြစ်တော့ ပြောရမယ် ဆိုရင် အင်္ဂါမစုံ၊ ဦးနှောက် မပြည့်ဘဲ မွေးလာတဲ့ ကလေးလိုပါပဲ။ ဒီလို ကလေးက ကြီးပြင်းဖို့ မလွယ်သလို ဒီ အစိုးရ ဟာလည်း အရည်အချင်း အပြည့်နဲ့ လုပ်ဆောင်နိုင်ဖို့ အတော်ကြိုးစား ရဦးမှာပါ” ဟု သူက ဆိုသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် ယနေ့ တနှစ်ပြည့်မြောက်ပြီဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်အဖြစ် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် တရပ်နှင့် လွှတ်တော် အသီးသီးလည်း ပေါ်ပေါက်နေပြီ ဖြစ်သည်။
ဦးသိန်းစိန်အစိုးရ တာဝန်ထမ်းဆောင်ပြီး တနှစ်နီးပါး ရှိလာသည့်တိုင် အောက်ခြေပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး၊ စား ဝတ်နေရေး အပြောင်းအလဲ တစုံတရာ တိုးတက်ပြောင်းလဲမှု မရှိကြောင်း၊ တိုးတက်ပြောင်းလဲ လာသည့်အရာသည် လျှပ်စစ်မီးခွန်၊ ရေခွန် စသည့် အခွန်ကောက်ခံမှု နှှုန်းထားများသာ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုးက ပြောသည်။
၎င်းက “ပြည်နယ်အစိုးရသစ် တက်လာပြီးတဲ့နောက် လျှပ်စစ်မီး အချိန်ပို ပေးလာတာတွေ့ရပါတယ်။ ဒါပေမယ့် ၁၀ ယူနစ်အောက် ဆိုရင် တယူနစ် ၂၅ ကျပ်ဆိုပေမယ့် ၁၀ ယူနစ် ထက် ကျော်သွားရင် တယူနစ်ကို ၄၀၀ ကျပ်ကနေ ၇၀၀ ကျပ်အထိ နေရာအလိုက် ပေးနေကြရပါတယ်။ တနိုင်ငံလုံးမှာ မရှိတဲ့ မီတာနှှုန်းထားခကို ရခိုင်ပြည်သူတွေက ပေးနေရတယ်” ဟု ဆိုသည်။
အောက်ခြေအဆင့် ပြုပြင် ပြောင်းလဲမှုများ မတွေ့ရသော်လည်း ဗဟိုအဆင့်၌ ပြောင်းလဲမှု တချို့ ရှိခဲ့သည်ကို အသိအမှတ်ပြု ကြောင်း ဦးဝင်းတင်က ပြောသည်။
“အပေါ်ပိုင်းမှာတော့ အပြောင်းအလဲတချို့ တွေ့ရပါတယ်။ ကျေနပ်စရာ ကောင်းလောက်တဲ့ အပြောင်းအလဲ မဟုတ်ပေမယ့် အသိအမှတ်ပြုရမှာပါ။ ဒီလိုဖြစ်လာရတာတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝန်းရံမှုကြောင့်လို့ ပြောရမှာပါပဲ” ဟု သူက ဆိုသည်။
ဦးသိန်းစိန် အစိုးရသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာ သံတမန်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ထိတွေ့ဆွေးနွေးခြင်း၊ စာပေစိစစ်ရေး မူဝါဒ အနည်းငယ် ဖြေလျှော့ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် အပစ်အခတ် ရပ်စဲခြင်း စသည့် ပြုပြင်ပြောင်းလဲရေး တချို့ လုပ်ဆောင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်း၊ ပြည်ပ ရှိမြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက်မှုကြောင့် တရုတ်နိုင်ငံနှင့်စာချုပ် ချုပ်ဆိုကာ တည်ဆောက်နေသော ကချင်ပြည်နယ်အတွင်းရှိ မေခ၊ မေလိခ တို့ဆုံစည်းရာ ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းအား ၎င်းအစိုးရသက်တမ်း အတွင်း ဆိုင်းငံ့ပေးခဲ့သည်။
ထို့အပြင် နိုင်ငံခြားငွေလဲလှယ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲနိုင်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ် စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရယူခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များပါဝင်သည့် စီးပွားရေး ဆွေးနွေးပွဲများ မကြာခဏ ကျင်းပပေးခြင်း တို့လည်း ပြုလုပ်ခဲ့သည်။
သို့ရာတွင် သာမန် လက်လုပ်လက်စား၊ လယ်သမားများနှင့် အလုပ်သမားများ၏ စားဝတ်နေရေး အခြေအနေမှာမူ တိုးတက်မှုကို မမြင်ရသေးကြောင်း၊ သာမန်ပြည်သူများသည် စားဝတ်နေရေးအတွက် တနိုင်တပိုင် လုပ်ကိုင်ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကို ခံနေရခြင်း၊ ခြိမ်းခြောက်ခြင်းများရှိနေပြီး တိုင်ကြားသော်လည်း အရေးယူမှု မရှိခြင်းများကြောင့် အခက်အခဲ တွေ့နေရကြောင်း နိုင်ငံရေးခေါင်းဆောင်များက ပြောသည်။
အောက်ခြေ အုပ်ချုပ်ရေးယန္တယား၌ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရန် ဗဟိုအစိုးရ၏ ဒီမိုကရေစီဆန်သော ဦးဆောင် လမ်းညွှန်မှုသည် အရေးတကြီး လိုအပ်နေကြောင်း ဦးဝင်းတင်က ဆိုသည်။
၎င်းက “မတရားတဲ့နည်းနဲ့ အစိုးရ ဖြစ်လာတော့ လူစဉ်မမီတဲ့ အစိုးရလို့ ပြောရမှာပါပဲ။ ဗဟိုအစိုးရ အဖွဲ့ထဲမှာကိုက အရည်အချင်း မပြည့်ဝသူတွေ၊ အဂတိလိုက်စားသူတွေ များတော့ အောက်ခြေအဆင့်ကို လမ်းညွှန်တာတွေက လွဲနေတယ်။ အောက်ခြေကလည်း ထင်သလို အုပ်ချုပ်နေတော့ ဒီမိုကရေစီဆိုတာနဲ့ အလှမ်းဝေးနေတဲ့ သဘောပါ” ဟု ဆက်ပြောသည်။
ယခင် စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီပေါင်း ၃၇ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ၈၂ ရာခိုင်နှှုန်းကျော်ဖြင့် အနိုင်ရခဲ့ကြောင်း အစိုးရထုတ် သတင်းစာများက ဖော်ပြခဲ့သည်။