ရန်ကုန် အိမ်ခြံမြေ ဈေးကွက်တွင် ဈေးနှုန်းများ ထိုးတက်လျက်ရှိပြီး မြေကွက်တကွက်လျှင် မြန်မာငွေ ကျပ် သန်းတသောင်းကျော် အထိ အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

“သာမန်လူ နေဖို့ ရောင်းဝယ်တဲ့အိမ်ခြံမြေဈေးကွက်မှာ အမြင့်ဆုံး ကျပ် သန်းတသောင်းကျော်အထိ ဈေးပေါက်တဲ့ မြေကွက် တွေရှိလာပြီ”ဟု ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီပိုင်ရှင်တဦးက ပြောဆိုသည်။
အဆိုပါ ဈေးနှုန်းမှာ ယခု နှစ်ဆန်းပိုင်းတွင် ကျပ် သိန်းပေါင်း ငါးသောင်း ခန့် ရှိရာမှ တဖြည်းဖြည်း တက်လာခြင်းဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
အိမ်ခြံမြေ ဈေးကွက်တွင် အစိုးရ လေလံမြေကွက်၊ စက်မှုဇုန် အပါအဝင် ဟိုတယ်၊ စက်ရုံ၊ အလုပ်ရုံများ စသည့် စီးပွားရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံကြသည့် ဈေးကွက် နှင့် သာမန် လူအများ နေထိုင်ရန် ရောင်းဝယ်သည့် ဈေးကွက် ဟူ၍ နှစ်မျိုးရှိပြီး ယင်း နှစ်မျိုးလုံး ဈေးနှုန်းများ ထိုးတက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်းရှိ မြေကွက်များအားလုံးနီးပါး တပြိုင်နက်တည်း ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေတောင်ကြား၊ မရမ်းကုန်းမြို့နယ် ၇ မိုင်၊ ၈ မိုင်၊ ၉ မိုင်၊ စမ်းချောင်း၊ အင်းလျားမြိုင်ကဲ့သို့သော အချက်အချာ နေရာအများအစုရှိ မြေကွက်များမှာ မြန်မာငွေ ကျပ် သန်းထောင်ချီ ဈေးရှိနေသည်ဟုလည်း အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီများက ပြောပြသည်။
“မရမ်းကုန်းမြို့နယ်၊ ၇ မိုင် ပြည်လမ်းမကြီးဘေးက နှစ်ထပ်တိုက်တလုံးပါ ၇၅ ပေ ပတ်လည်မြေကွက်ကို သိန်း ၈၅၀၀၀ ဈေးခေါ် ထားတယ်။ အလျှော့ အတင်း နည်းနည်းရှိမယ်”ဟု ငွေမြား အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတာဝန်ရှိသူတဦးက ပြော သည်။
ကျပ် သိန်း ထောင် သောင်းချီတန် အိမ်ခြံမြေများကို ဝယ်ယူကြသည့် အဓိက ဝယ်လက်များတွင် ယခင် စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များနှင့် ဆွေမျိုးအသိုင်းအဝိုင်းများ၊ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသား အမည်ခံ ဝယ်ယူကြ သော နိုင်ငံခြားသားများ ပါဝင်ကြောင်း သိရှိရသည်။
“အိမ်ခြံမြေကို စီးပွားရေးလုပ်ငန်းတခုလိုမျိုး ရင်းနှီးမြုပ်နှံ ဝယ်ကြ၊ ရောင်းကြတဲ့အတွက် ဈေးတွေ တဟုန်ထိုးတက်ခဲ့တာပါ။တန် ဖိုးကြီး အိမ်ခြံမြေဝယ်ကြတဲ့သူတွေထဲမှာ တရုတ်သူဌေးတွေလည်း ပါတယ်။ တရုတ်တွေက နီးစပ်ရာ သူတို့အသိုင်းအဝိုင်း တွေကတဆင့်ချိတ်ဆက်ပြီး ယုံကြည်ရတဲ့ မြန်မာနိုင်ငံသား တရုတ်အနွယ်ဝင်တွေရဲ့ နာမည်တွေကိုသုံးပြီး ဝယ်ကြတယ်”ဟု ရန်ကုန်မြို့မှ နာမည်ကြီး အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီလုပ်ငန်းရှင်တဦးက ပြောပြသည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အစိုးရက နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးမြှင့်ရေးအတွက် နိုင်ငံသားများက မိမိတို့ ပိုင်ဆိုင်သော ပုဂ္ဂလိက မြေယာများကို နိုင်ငံခြားသားများထံ နှစ်ရှည် ငှားရမ်းခွင့်ပြုသည်ဆိုသော အချက်ကို ထည့်သွင်းခဲ့သော ကြောင့် အိမ်ခြံမြေဈေးကွက် ပိုမိုဖွံ့ဖြိုးလာမည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
“အရင်က ပုဂ္ဂလိက မြေယာကို နိုင်ငံခြားသားလုပ်ငန်းရှင်တွေဆီ တရားဝင်ငှားခွင့်မပေးထားဘူး။ အခုငှားခွင့်ပေးလိုက်တယ်။ ပထမ နှစ် ၃၀ ငှားလို့ရမယ်၊ နှစ်ပြည့်သွားလို့ရှိရင် ၁၅ နှစ်သက်တမ်း နှစ်ကြိမ်တိုးခွင့်ပေးထားတယ်။ အဲဒီဥပဒေက သာမန်လူ နေ ထိုင်ဖို့ ရောင်းဝယ်တဲ့ အိမ်ခြံမြေဈေးကွက်နဲ့တော့ တိုက်ရိုက်ကြီးမပတ်သက်ဘူး။ အဓိက တိုက်ရိုက်ပတ်သက်တာက စက်မှုဇုန် မြေကွက်တွေ၊ အစိုးရ လေလံမြေကွက်ဝယ်ထားတဲ့ လုပ်ငန်းရှင်တွေအတွက် အများကြီးအကျိုးဖြစ်ထွန်းစေတယ်။ စီးပွားရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ ဈေးကွက်ကို ပိုပြီးဖွံ့ဖြိုးစေတယ်”ဟု စက်မှုဇုန်မြေကွက်များကို အရောင်းအဝယ်လုပ်သော လှိုင်သာမြို့ နယ်ရှိ ကျန်စစ်မင်း အကျိုးဆောင်ကုမ္ပဏီမှ ဝန်ထမ်းတဦးက ရှင်းပြသည်။
အိမ်ခြံမြေဈေးကွက်တွင် တိုက်ခန်း၊ ကွန်ဒို ဈေးနှုန်းများမှာလည်း ဆက်လက်မြင့်တက်လျက်ရှိပြီး ၁၂ ပေ x ပေ ၅၀ အထပ်မြင့် ရိုးရိုး တိုက်ခန်း တခန်းလျှင် အနည်းဆုံး ဈေးနှုန်း ကျပ် သိန်း၂၀၀ နီးပါး၊ တန်ဖိုးနည်း ကွန်ဒိုတိုက်ခန်း တခန်းလျှင် အနည်းဆုံး ကျပ် သိန်း ၆၀၀ ဈေးနှုန်း ရှိကြောင်း သိရှိရသည်။
“တိုက်ခန်းဈေးတွေလည်း တက်တယ်။ တနှစ်ပတ်လုံး အလုပ်ဖြစ်တာက တိုက်ခန်းငှား၊ အိမ်ခန်းငှား ပေးရတဲ့ အကျိုးဆောင် လုပ်ငန်းပဲ။ ရန်ကုန်မှာ လူတော်တော်များများက အိုးပိုင်၊ အိမ်ပိုင်မရှိကြဘူး။ ငှားနေကြတာ များတယ်။ တိုက်ခန်း ကျဉ်းကျဉ်း လေးတခန်းတည်းမှာ မိသားစု နှစ်စု၊ သုံးစု စုပေါင်းစပ်ပြီး ငှားရမ်းနေထိုင်တာမျိုးတွေလည်း အများကြီးပဲ”ဟု ရန်ကုန် လသာမြို့နယ် မှ အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောသည်။
ရန်ကုန်မြို့တွင်း အိမ်ခန်းနှင့်တိုက်ခန်း ငှားခဈေးနှုန်းများမှာလည်း အနည်းဆုံး ကျပ်တသိန်း နီးပါး ဈေးရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင် တိုက်ခန်းပိုင်နေထိုင်ကြသော မိသားစုများကလည်း ပိုင်ဆိုင်သော တိုက်ခန်းများကို ပြန်လည်ရောင်းချပြီး တန် ဖိုး နည်းသော မြို့စွန်ရပ်ကွက်များတွင် အိမ်ပြန်ဝယ်ကာ ပိုလျှံသော ငွေကြေးဖြင့် အရင်းအနှီးပြု လုပ်ကိုင်စားသောက်ကြမှုများလည်းရှိသည်။
“မြို့ထဲဘက်မှာ နေတဲ့သူတွေကလည်း တိုက်ခန်းကို သိန်း၂၀၀ ကျော်လောက်နဲ့ ပြန်ရောင်း၊ ပြီးတော့ မြို့စွန် ရွှေပြည်သာ၊ ဒဂုံ မြို့သစ် လိုနေရာမျိုးတွေမှာ သိန်း ၁၀၀ အောက် အိမ်လေးတွေပြန်ဝယ်။ ပိုတာလေးကို ဈေးဆိုင်ဖွင့်၊ Taxi ကားဝယ်ထောင်ပြီး ဝင်ငွေရှာကြတဲ့သူတွေလည်း အများကြီးပဲ။ ပွဲစားစကားနဲ့ပြောရင်တော့ ဝိတ်လျှော့တဲ့ သူတွေများတယ်”ဟု လသာမြို့နယ် မှ အိမ်ခြံမြေ အကျိုးဆောင်က ဆိုသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟို အလုပ်အမှုဆောင် တဦးကမူ အစိုးရအနေနှင့် ငွေကြေးစိုက်ထုတ်ပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ထူထောင်ပေးသင့်ကြောင်း၊ အစိုးရကိုယ်တိုင်
ငွေ စိုက်ထုတ်မလုပ်ကိုင်နိုင်ပါက တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ လုပ်ဆောင်ရန် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များကို အား ပေး ကူညီထောက်ပံ့သင့်ကြောင်း ပြောဆိုသည်။
“စင်ကာပူလို အစိုးရက ပြည်သူတွေအတွက် အိမ်ရာတွေ မဆောက်ပေးနိုင်ရင်တောင်မှ မြေလွတ်မြေရိုင်းတွေ ဖော်ထုတ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတွေကို တန်ဖိုးနည်း အိမ်ရာစီမံကိန်းကြီးတွေ လုပ်ဖို့ အားပေးသင့်တယ်။ ဒါမှ ရန်ကုန်လူထု အိုးပိုင် အိမ်ပိုင် နေနိုင်လိမ့်မယ်”ဟု ၎င်းက ပြောသည်။
အစိုးရက အိမ်ခြံမြေရောင်းဝယ်မှုများကို အခွန်ကောက်ခံရာတွင် ကျပ် သန်းငါးထောင် တန်ဖိုးအထက် အိမ်ခြံမြေအရောင်း အဝယ် များအတွက် အခွန် ၁၂ ရာခိုင်နှုန်း၊ သန်း ငါးထောင်တန်ဖိုးအောက် အိမ်ခြံမြေ အရောင်းအဝယ်များအတွက် အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။