ရန်ကုန်ဆိပ်ကမ်းများမှ တရားမဝင် ကားတင်သွင်းမှုများနှင့် စပ်လျဉ်းပြီး အစိုးရက အထူးစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အကောက်ခွန် အရာရှိများ အပါအဝင်အစိုးရဝန်ထမ်း ခြောက်ဆယ်ကျော်တို့ အကြီးအကျယ် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

“ဆိပ်ကမ်းကနေ တရားမဝင် ကားသွင်းတာတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးတွေ့ရှိချက်တွေ အကုန်လုံးကို သက်ဆိုင်ရာ ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေကို အစီရင်ခံထားတယ်။ အရေးယူမလား၊ အရေးမယူဘူးလား ဆိုတာက လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်မှာပါတယ်” ဟု နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နီးစပ်သူ ဌာနဆိုင်ရာ အရာရှိကြီးတဦးက ပြောသည်။
အစိုးရဝန်ထမ်းများက ငွေကျပ်သိန်း ထောင်ချီ၍ လာဘ်ငွေရယူကာ လိုင်စင်မဲ့ ဂျပန်ကားများကို ဆိပ်ကမ်းများမှ တဆင့် ပြည်တွင်းသို့ တရားမဝင်တင်သွင်း ခွင့်ပြုခဲ့ကြောင်း၊ ဌာနဆိုင်ရာအလိုက် လာဘ်ပေးလာဘ်ယူမှုများ အဆင့်ဆင့်ဖြစ်ပေါ်ခဲ့ ကြောင်း ရန်ကုန် လှိုင်သာယာမြို့နယ်မှ စက်မှုဇုန်ကား ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တဦးက ဆိုသည်။
ဆက်လက်၍ ၎င်းက အုပ်ချုပ်ရေးယန္တရား၏ ထိပ်ပိုင်းဖြစ်သော အစိုးရဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်မှအစ သာမန် အောက်ခြေ စာရေးအဆင့်အထိ ပုံစံအမျိုးမျိုးနှင့် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့ကြသော်လည်း အစိုးရဝန်ထမ်းများသည် တရားမဝင် မှောင်ခို စီးပွားရေးသမားများ၏ ခိုးသွင်းမှုကြောင့် လိုင်စင်မဲ့ကားများ ပြည်တွင်းဈေးကွက်အတွင်း ရောက်ရှိလာရသည်ဟု ပြောဆို အပြစ်တင်ကြကြောင်း ရှင်းပြသည်။
“ကားသွင်းတဲ့ သူတွေဘက်ကလည်း လာဘ်ငွေပေးပြီး လိုင်စင်မဲ့ကားသွင်းတယ်၊ ဝန်ထမ်းတွေဘက်ကလည်း ဒီလာဘ်ငွေကို မက်လို့ယူပြီး ဥပဒေနဲ့မညီတဲ့ ခွင့်ပြုချက်တွေ ထုတ်ပေးတယ်။ နှစ်ဦးနှစ်ဘက် သဘောတူလုပ်ခဲ့ကြပြီး ပြဿနာ တက်လာတဲ့ အခါကျတော့မှ မှောင်ခိုသွင်းတဲ့သူတွေ၊ ဇုန်တွေကသာ လိုင်စင်မဲ့ကားတွေ ခိုးသွင်းတာဆိုပြီး အပြစ်တင်တယ်၊ ဒဏ်ရိုက် တယ်” ဟု သူကက ဆိုသည်။
လိုင်စင်မဲ့ဂျပန်ကားများကို အသွင်ပြောင်းပြီး စက်မှုဇုန်ထုတ် Super Custom ကားအဖြစ် ပုံစံပြောင်း ထုတ်ဝေမှုအတွက် စက်မှု ၂ ဝန်ကြီးဌာနက Super Custom ဇုန်ကားတစီးလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ရိုက်ခဲ့သည်။
သမ္မတဦးသိန်းစိန်က သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား ဖြစ်ပေါ်ရေး ဆောင်ရွက်နေသည်ဟု ပြောဆိုသော်လည်း ယခုအချိန်အထိ အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်း လာဘ်ပေးလာဘ်ယူမှုများမှာ အကြီးအကျယ် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကို စံပြနမူနာအနေဖြင့် ထိရောက်စွာ အရေးယူအပြစ်ပေးမှုများ ပြုလုပ်မှသာလျှင် အကျင့်ပျက်ခြစားမှုများကို အမှန်တကယ် တိုက်ဖျက်ရာရောက်မည်ဖြစ်ကြောင်း ဝါရင့်သတင်းစာဆရာ တဦးက ပြောသည်။
“ဦးသိန်းစိန် အစိုးရတက်လာတာ ၈ လထဲ ဝင်လာပြီ။ သန့်ရှင်းတဲ့အစိုးရ ဖြစ်စေရမယ်လို့ ပြောပေမယ့် အကျင့်ပျက် ခြစားတဲ့ အစိုးရဝန်ထမ်းတွေကို စံပြနမူနာအဖြစ် တိုင်းသိပြည်သိ အပြစ်ပေးအရေးယူတာမျိုး မရှိဘူး။ ဒါကြောင့်မို့လို့ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့က အရမ်းကို အလှမ်းဝေး နေပါသေးတယ်” ဟု ၎င်းက ဆိုသည်။
၂၀၀၆ ခုနှစ်ကလည်း အကောက်ခွန် ဦးစီးဌာန ညွွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးနှင့် အကောက်ခွန် ဝန်ထမ်း ၆၀၀ ကျော်ကို အကျင့်ပျက်ခြစားသည်ဟု ဆိုကာ ထောင်ဒဏ်ချမှတ်အရေးယူခြင်း၊ ရာထူး တာဝန်များမှ ရပ်စဲခြင်းများ စစ်အစိုးရက ပြုလုပ်ခဲ့သည်။