ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တောင်သူ ၂၀၀ ခန့်က ၎င်းတို့ပိုင် မြေဧက ၁၀၀၀ ကျော်ကို စစ်တပ်က သိမ်းယူထား သည့်အတွက် ဖြေရှင်းပေးရန်ယမန်နေ့ နံနက်က ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တောင်းဆိုကြောင်း သိရသည်။
အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ ၁) နှင့် လက်အောက်ခံတပ်ရင်း ခမရ ၅၀၁၊ ခမရ ၅၀၂ တို့က တပ်တည်ဆောက်ရန်နှင့် နှစ်ရှည်သီးနှံ စိုက်ပျိုးရန်အတွက် ကျောက်မဲမြို့နယ်အတွင်းရှိ ကျောက်မဲကြီးရွာ၊ ကုန်းဆုံရွာ၊ ခိုယောင်းရွာ၊ သိန်းစပ်ရွာ၊ ပါပုပ်ရွာနှင့် ဟဲပုရွာတို့မှ မြေဧက ၁၀၀၀ ကျော်ကို ၁၉၉၇ ခုနှစ်ကတည်းက သိမ်းယူခဲ့ခြင်းဖြစ်သည်။
မြေသိမ်းခံ ယာသမားတဦးက “စိုက်ပျိုးမြေတွေ သိမ်းပြီး သူတို့လည်း မစိုက်ဘူး၊ တရာသီကို မြေတဧက ကျပ်တသောင်းခွဲနဲ့ ပြန်ငှားစိုက်ရတယ်။ ဟိုတုန်းကတော့ ဘယ်သူမှ မဖြေရှင်းရဲဘူး၊ အခု အစိုးရသစ် လက်ထက်ကျမှ ပြန်တောင်းတာပါ” ဟု ပြောသည်။
ယင်းမြေပေါ်တွင် စစ်တပ်များက နှစ်ရှည်သီးနှံစီမံကိန်း အကောင်အထည်ဖော်ခဲ့ပြီး အောင်မြင်မှု မရှိသော်လည်း မူလ ပိုင်ဆိုင်သည့် တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း သိရသည်။
နိုင်ငံတော်မှ ပြဌာန်းထားသည့် မြေလွတ်မြေရိုင်း အကောင်အထည်ဖော်ရေး ဥပဒေတွင် နှစ်ရှည်သီးနှံ စီမံကိန်း လုပ်ကိုင်လိုသူများ အနေဖြင့် သတ်မှတ်ကာလ ၃ နှစ်အတွင်း အောင်မြင်စွာ အကောင်အထည် မဖော်နိုင်ပါက နိုင်ငံတော် (သို့မဟုတ်) မူလ ပိုင်ရှင်များသို့ ပြန်လည်ချထား ရမည်ဟု ဆိုထားသည်။
ယင်း မြေယာပြဿနာကို လေ့လာရန် နေပြည်တော်ရှိ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ့်ရေးရာ ကော်မတီမှ ဦးစိုင်း ဇော်ထွန်းအား တာဝန်ပေးထားသည့်အပြင် မြို့ခံတဦးဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးစိုင်ဆောင် ဆီတို့လည်း လိုက်ပါဆောင်ရွက် ပေးနေသည်ဟု သိရသည်။
ဦးစိုင်းဆောင်ဆီက “ပြဿနာကို သေသေချာချာ လေ့လာလိုက်တော့ တောင်သူတွေ ပြန်ရနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ဆိုသည်။
လာမည့် နှစ်ပတ်အတွင်း ကျောက်မဲမြို့နယ် မြေစာရင်းဌာန၊ ခရိုင်အုပ်ချုပ်ရေးရုံးတို့နှင့် ပူးပေါင်းကာ ပြဿနာကို ကွင်းဆင်းစစ် ဆေးမည် ဖြစ်ကြောင်း၊ တွေ့ရှိချက်များကို လွှတ်တော်သို့ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုအစိုးရသစ် လက်ထက်တွင် မြေယာပြဿနာများကို လွှတ်တော်မှ မြန်ဆန်စွာ ဖြေရှင်းပေးရန် ကြိုးစားနေကြောင်း၊ တောင်သူများ အနေဖြင့် ယခင်က ကန့်ကွက်ပိုင်ခွင့်၊ တားဆီးပိုင်ခွင့် မရှိကြောင်း၊ ထိုကြောင့် ပြဿနာများ ပြေလည်မည်ဟု ယုံကြည်ကြောင်း ဦးစိုင်းဆောင်ဆီက ဆိုသည်။
ယခင် စစ်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် လယ်ယာမြေများနှင့် စိုက်ပျိုးမြေနေရာများကို စစ်တပ် တည်ဆောက်ရန်၊ မြို့သစ်များ ဖော်ထုတ်ရန်၊ စီမံကိန်းများ တည်ဆောက်ရန်ဆိုသည့် အကြောင်းပြချက် အမျိုးမျိုးနှင့် သိမ်းဆည်းမှု အများအပြား ရှိခဲ့သည်။
မကြာသေးမီကလည်း ရန်ကုန်တိုင်းအတွင်း မြေယာများသိမ်းဆည်း ခံထားရသည့် လယ်သမားများက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သေးသည်။