ထိုင်း-မြန်မာ နယ်စပ် မယ့်စံမလဲ့ (ခေါ်) သော်လဲ့ထကျေးရွာ ဆိပ်ကမ်းတွင် အင်အားပြင်းသော ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့ပြီး အကြီးစားစက်လှေတစင်း အပါအဝင် စက်လှေသုံးစင်း ထိခိုက်ပျက်စီးသွားသည်ဟု မျက်မြင်သက်သေနှင့် ဒေ သ ခံ စီးပွားရေးသမားများက ပြောသည်။
ဘတ်ငွေ တသိန်းရှစ်သောင်း ခန့် တန်ဖိုးရှိသော စက်လှေကြီးတစင်းနှင့် ဘတ်ငွေ တသိန်းနှစ်သောင်းခန့် တန်ဖိုးရှိသည့် စက်လှေငယ် နှစ်စင်းတို့ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
နံနက် ၉ နာရီခန့်တွင် ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း သိရသည်။ သော်လဲ့ထ ကျေးရွာသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် မယ့်စရီးယမ်း မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ်ကမ်း နံဘေးတွင် တည်ရှိသည်။
သော်လဲ့ထရွာနှင့် မျက်နှာချင်းဆိုင်တွင် မြန်မာ အစိုးရက တပ်စွဲထားသည်။ ပျက်စီးသွားသည့် လှေကြီးမှာ ကုန်တင်စက်လှေ ဖြစ်ပြီး နွားအကောင်ရေ ၃၀ နှင့် ၄၀ ခန့် တင်ဆောင်နိုင်သည်ဟု သိရသည်။ စက်လှေကြီးသည် ခါးလယ်မှ နှစ်ပိုင်းကျိုး သွားပြီး အနီးအနားရှိ လှေငယ် နှစ်စီးလည်း အနည်းအငယ် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ထိုင်းနိုင်ငံ သော်လဲ့ထရွာတွင် နေထိုင်သည့် ဖိုးသောကြာ ဆိုသူက ပျက်စီးသွားသော စက်လှေကြီးကို ပိုင်ဆိုင်ကြောင်း ဒေသခံ ကုန်သည် နော်ဒါးက ဧရာဝတီသို့ ပြောသည်။
“အသံကတော့ အကျယ်ကြီးပဲ၊ မနက် ၉ နာရီလောက်မှာ ပေါက်တယ်၊ အိမ်ထဲမှာ နေတာတောင်မှ အိမ်က တုန်သွားတယ်”ဟု ၎င်းက ဆိုသည်။
ဖိုးသောကြာသည် သော်လဲ့ထ တဖက်ကမ်းတွင် တပ်စွဲထားသည့် မြန်မာအစိုးရတပ်များနှင့် ရင်းနှီးပြီး စားနပ်ရိက္ခာများကို လည်း သယ်ယူပို့ဆောင်ပေးလေ့ ရှိသည်။
အခင်းဖြစ်ပွားသည့် နေ့တွင် အစိုးရတပ် အပြောင်းအလဲ လုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အစိုးရပ်တပ်များ အပြောင်း အလဲလုပ်ရန်အတွက် ဖိုးသောကြာကို အကူအညီ တောင်းထားကြောင်းလည်း သိရသည်။
သို့သော် ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုခြင်း မရှိပေ။
“တချို့ကလည်း KNU လုပ်တာလား၊ စီးပွားရေးသမား အချင်းချင်း မကျေနပ်လို့ ပေါင်းပြီးတော့ခွဲတာလား ဆိုပြီးတော့ အမျိုးမျိုး
ပြောနေကြတယ်”ဟု ဒေသခံတဦးက ပြောသည်။
ထိုင်း ဒေသခံ အာဏာပိုင်များကလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။ စစ်အစိုးရတပ် အပါအဝင် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့တို့ကလည်း ယင်း နယ်မြေတွင် လှုပ်ရှားနေကြသည်။