ပါတီ တရားဝင် မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်ကို ယခုလ ၁၈ ရက်နေ့တွင် ချမှတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ယနေ့ ပြောလိုက်သည်။

ယနေ့ နံနက် ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်သော NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး အပြီးတွင် ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးအုန်းကြိုင်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၈ ရက်နေ့ NLD ရုံးချုပ်၌ ပြုလုပ်မည့် အစည်းအဝေးတွင် မကြာသေးမီက ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ ပါတီ မှတ်ပုံတင်ရေး ကိစ္စကိုလည်း တိကျသည့် အဖြေတခု ရှိသည်အထိ ဆွေးနွေးမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
ထိုအစည်းအဝေးသို့ မြန်မာတနိုင်ငံလုံးရှိ NLD ဗဟိုဦးစီးအဖွဲဝင်ပေါင်း ၁၂၀ ကျော် တက်ရောက်မည်ဟု သိရသည်။
NLD သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ထိုရလဒ်မှာ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။
အနှစ် ၂၀ အကြာတွင် အာဏာပိုင်တို့က ရွေးကောက်ပွဲ ထပ်မံပြုလုပ်ရန် ကော်မရှင်တခုကို ဖွဲ့စည်းလိုက်ပြီး ထိုကော်မရှင်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်း မှတ်ပုံတင်ကြရန် ဖိတ်ခေါ်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမည်မဟုတ်ဟု ယူဆပြီး သပိတ်မှောက်ခဲ့သည့် NLD သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်များကို လက်မခံနိုင်ဟု ဆိုကာ ပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပေ။
၂၀၁၀ စက်တင်ဘာလတွင် ရွေးကောက်ပွဲကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ထိုသို့ဖျက်သိမ်းခြင်းမှာ တရားမဝင်ဟု NLD က တုံ့ပြန်ပြီး ပါတီ တရားဝင် ရပ်တည်ခွင့်အတွက် ဥပဒေကြောင်းအရ တရားရုံး အဆင့်ဆင့်ကို လျှောက်ထားသော်လည်း အာဏာပိုင်တို့က ပယ်ချခဲ့သည်။
ဤအတောအတွင်း ဗိုလ်ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထားသည့် လက်ရှိ အစိုးရနှင့် NLD တို့ ဆက်ဆံရေး ကောင်းမွန်လာသည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ တတိယအကြိမ်မြောက်တွေ့ဆုံအပြီးတွင် NLD က ကန့်ကွက်ခဲ့သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ရေး အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
NLD က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖွယ်ရှိပြီး မကြာမီပေါ်ပေါက်လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု အကဲခတ်အများအပြားက ယူဆနေကြသည်။
NLD ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း NLD က ပါတီမှတ်ပုံတင်ရန် အလားအလာရှိသည်ဟု သတင်းဌာနများကို မကြာသေးမီက ပြောသည်။
ယနေ့ နံနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် NLD ခေါင်းဆောင်များ ဆွေးနွေး တိုင်ပင်နေစဉ် နော်အုန်းလှ ဦးဆောင်သော တက်ကြွ လှုပ်ရှားသူတချို့က ပါတီ မှတ်ပုံတင်ရေးကို ကန့်ကွက်ကြောင်း ရေးသားထားသည့် စာရွက်စာတမ်းများ ရန်ကုန်မြို့ နေရာတချို့တွင် ဖြန့်ဝေခဲ့ကြသည်။