ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ဆုံးရှှုံးနစ်နာ ကြေးအဖြစ် ပေးသော ငွေထဲမှတဝက်ကို ပေးမှသာ လယ်မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက် လက်မှတ်ထိုးပေးမည်ဟု အာဏာပိုင်များက တောင်သူများအား အကျပ်ကိုင်နေကြောင်း သိရသည်။
“လယ်တဧကအတွက် ကျပ် သိန်း ၃၀ ရတယ်ဆိုရင် ၁၅ သိန်း၊ သိန်း ၅၀ ဆိုရင် ၂၅ သိန်းပေးမှ လက်မှတ်ထိုး ထောက်ခံ ပေးမယ်လို့ မြေစာရင်းဌာနနဲ့ ကျောက်ခမောင်းရွာ ဥက္ကဋ္ဌက တောင်းတာပါ။ ပိုင်ဆိုင်ကြောင်းအထောက်အထား မပါတော့ လျော်ကြေးတွေ မရဘူး ဖြစ်နေကြတယ်” ဟု ဒေသခံ လယ်သမားတဦးက ဆိုသည်။
ထိုကိစ္စအားဖြေရှင်းပေးရန်အတွက် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောက်ခမောင်းကျေးရွာ အုပ်စု၊ ကပ်သပြေ၊ စည်မောင်း၊ ဦးကင်း စသည့်ကျေးရွာများမှ လယ်သမားများ လက်မှတ်ရေးထိုး၍ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ များ ဖြစ်ကြသော သူရ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ထံ နိုဝင်ဘာလ ၂ ရက်နေ့က တိုင်ကြားထားကြောင်း သိရသည်။
“တိုင်ကြားထားတဲ့ အမှုတွေအများကြီးပါ။ ဒါတွေကို ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာလည်း တင်ပြ ထားပါတယ်။ ဘယ်လို ဖြေရှင်းပေးမယ်ဆိုတာတော့ သေချာမသိသေးပါဘူး” ဟု ကျောက်ဖြူမြို့နယ်မှ RNDP ပါတီ၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဖေက ပြောသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရေနံသိုလှောင်ရုံ စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံစီမံကိန်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းစသည့် စီမံကိန်း များအား တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခုဖြစ်သော (China National Petroleum Corporation – CNPC) နှင့်တရုတ်ကုမ္ပဏီများ၊ ကိုးရီးယားပိုင် ဒေဝူး၊ ဟွန်ဒိုင်းနှင့် အန္ဒိယ၊ မလေးရှား စသည့် နိုင်ငံများမှ ကုမ္ပဏီများက စီမံကိန်းအလိုက် တာဝန်ယူ တည်ဆောက်နေကြသည်။
မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ သန္တာနဂါး၊ မြန်မာ့ရွှေသရဖူ၊ 7-Star, PSC, Myint and Association စသည့် ကုမ္ပဏီများလည်း
တည်ဆောက်ရေး လုပ်ငန်းတချို့တွင် လုပ်ဆောင်နေကြသည်။
ထိုစံမံကိန်းများသည် တရုတ်နိုင်ငံ၏ စွမ်းအင်လောင်စာ ရရှိရေးနှင့် တရုတ်အကျိုးစီးပွားအတွက် များစွာအရေးပါသည့် စီမံကိန်းဖြစ်၍ အမြန်ဆုံးပြီးစီးရေးကို အလေးထား လုပ်ဆောင်နေကြောင်း၊ မဒေးကျွန်းပေါ်၌ ဓာတ်ငွေ့ ပိုက်လိုင်းတချို့ စတင်နေရာ ချထားနေပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းအား ပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရန် သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် လအတွင်း ဆုံးဖြတ်ခဲ့ပြီးနောက် ကျောက်ဖြူ စီမံကိန်းများကို အရှိန်မြှင့် တည်ဆောက်နေသည်ဟု ကျောက်ဖြူ ဒေသခံများက ပြောသည်။
ထိုစီမံကိန်းများ ပြီးစီးပါက ရခိုင်ကမ်းလွန်မှ ထွက်သော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံက နှစ်ပေါင်း ၃၀ အထိ ထုတ်ယူ မည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသက တင်သွင်းမည့် ရေနံစိမ်းများကိုလည်း ကျောက်ဖြူ ဆိပ်ကမ်း ကြားခံထားကာ တရုတ်
နိုင်ငံသို့ တင်သွင်းမည် ဖြစ်သည်။ စီမံကိန်းများကို ၂၀၀၉ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အပြီးသတ်တည်ဆောက် မည်ဟု အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
ဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်မည်ဖြစ်ပြီး ကီလို မီတာ ၂၈၀၀ ဝန်းကျင် ရှည်သည်။ ဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်း၊ မီးရထားလမ်း၊ မော်တော်ကား လမ်းတို့ ပါဝင်မည်ဟု သိရသည်။
ထိုစီမံကိန်းများကြောင့် ကျေးရွာများ ပြောင်းရွှေ့ခံရမှု၊ ဥယာဉ်ခြံမြေများနှင့်လယ်မြေများအား အဓမ္မ သိမ်းယူမှု၊ လုပ်အားခ ခေါင်းပုံဖြတ်မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား သက်ဆိုင်ရာ အာဏာပိုင်တို့ထံ တိုင်ကြားသော်လည်း ထိရောက် စွာ အရေးယူမှုမရှိ၍ RNDP ပါတီ၊ သမ္မတနှင့် ဗဟို အစိုးရအဖွဲ့တို့ထံ တိုင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဖြေရှင်းပေးရေးအဆိုကို RNDP ပါတီမှ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးဘရှိန်က စက်တင်ဘာလ ၂၇ ရက်နေ့လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ၎င်းကပင် ရခိုင်ကမ်းလွန်ဒေသရှိ ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော စွမ်းအင်အသုံးပြု၍ ဒေသခံပြည်သူများအတွက် လျှပ်စစ်ဓာတ်အားပေးရန် မေးမြန်းခဲ့ရာ ပြည်ထောင်စုအဆင့် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက တရုတ်နိုင်ငံသို့ အပြီးအပိုင် ရောင်းချထားပြီး ဖြစ်ကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။
ဦးသန်းဌေး၏ ပြောဆိုမှုသည် တာဝန်မဲ့သော စကားဟုဆိုကာ ရခိုင်ပြည်သူများ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ကန့်ကွက်ခဲ့ကြသည်။ ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ ထွက်သော လျှပ်စစ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီးပေးရန် တောင်းဆိုထား သည့် ပိုစတာ တချို့ကို ရခိုင်ဒေသရှိ မြို့နယ်၊ ကျေးရွာ တချို့၌ ချိတ်ဆွဲထားသည်ဟု ဒေသခံများက ပြောသည်။
ထိုကိစ္စများ ဖြစ်ပေါ်ပြီးနောက် အစိုးရ တာဝန်ရှိသူ တချို့က ကျောက်ဖြူ ဒေသခံများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်ပေးမည်ဟု RNDP ပါတီ၏ ကိုယ်စားလှယ် တချို့ထံ အကြောင်းကြားလာကြောင်း သိရသည်။
“ကျောက်ဖြူဒေသခံတွေ လျှပ်စစ်မီးရရှိဖို့အတွက် စီမံဆောင်ရွက်ပေးမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အကြောင်းကြားပါတယ်။ ဒါပေမယ့် ဘယ်လိုဆောင်ရွက်ပေးမယ်၊ ဘယ်တော့ပေးမယ် ဆိုတာတော့ သေချာမပြောသေးပါဘူး” ဟု ဦးဘရှိန် က ရှင်းပြသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်၌ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံသိုလှောင်ရုံ စီမံကိန်း၊ ရွှေသဘာ၀ ဓာတ်ငွေ့ပိုက် လိုင်းနှင့်ဆက်စပ်သော စီမံကိန်းများကြောင့် ကျွန်းပေါ်ရှိ ကျေးရွာ ၆ ရွာ၊ ဒေသခံပြည်သူ ၂၄၀၀ ခန့်တို့၏ နေအိမ်များ ပြောင်းရွှေ့ခံခဲ့ရပြီး ဒေသတဝိုက် ငါးဖမ်းခွင့်လည်း မရတော့ကြောင်း ဒေသခံများက ပြောသည်။