အနုပညာရှင်တိုင်း လွတ်လပ်စွာ တွေးခေါ်ဖန်တီး တတ်စေရန် ရည်ရွယ်၍ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကို ကျင်းပရခြင်း ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ လူရွှင်တော် ဇာဂနာက ပြောသည်။

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်မည်ဖြစ်ကာ ဆုပေးပွဲတွင် သီးလေးသီးဆေးရောင်စုံ အဖွဲ့သားများက ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်နှင့် ပတ်သက်၍ ဒါရိုက်တာ မိုက်တီးက “ကောင်းတာပေါ့ဗျာ။ ကျနော်တို့ဆီမှာက မလွတ်လပ်တဲ့ သူက များနေတာ၊ လွတ်လပ်ခြင်း ဆိုတဲ့ အရသာလေးကို အားလုံးသိသွားကြတာပေါ့။ စီစဉ်တဲ့သူတွေလည်း အရမ်းကောင်းပါတယ်။ အကုန်လုံးလည်း ပါဝင်ကြမှာပါ။ ကျနော်လည်း စဉ်းစားနေတယ်။ စဉ်းစားလို့ရရင် ကျနော်လည်း အရမ်းပါဝင်ချင်ပါတယ်” ဟု ဆိုသည်။
ကိုဇာဂနာက ရုပ်ရှင်ပွဲတော် ပြုလုပ်ရန်စိတ်ကူးကို ၎င်းအကျဉ်းထောင်ထဲမှ လွတ်မြောက်လာပြီး မြစ်ကြီးနားမှ လေယာဉ် ခရီးဖြင့် ပြန်လာစဉ် တိမ်များအားကြည့်ရှုရင်း ရခဲ့ခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူး ဖန်တီး ထားသည့် ရုပ်ရှင်ဇာတ်ကားများမှ တဆင့် မြန်မာပြည်သူများ အကြား လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် အတွေးအခေါ် အယူအဆများ ပြန့်နှံ့စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“ကြိုးစားဆဲပဲ၊ ယုံကြည်တာကတော့ အောင်မြင်ရမယ်။ ကျေနပ်တာတွေ၊ ပီတိတွေထက် လုပ်သင့်တဲ့ အလုပ်ကို လုပ်လိုက် တာပါပဲ” ဟု ကိုဇာဂနာကဆိုသည်။
၎င်းပွဲတွင် ဆုအမျိုးအစားများ အဖြစ် အကောင်းဆုံး Documentary Film နှင့် အကောင်းဆုံး Short Film ဟူ၍ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်ရုပ်ရှင် အရေအတွက်ပေါ် မူတည်၍ ဒုတိယနှင့် တတိယဆုများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါရုပ်ရှင်ပြိုင်ပွဲကို အသက်အရွယ်စုံ စိတ်ဝင်စားမှုရှိသော်လည်း အသက် ၂၀ မှ ၂၅ နှစ် အကြား လူငယ်များ ပိုမို စိတ်ဝင်စားကြသည်ကို တွေ့ရကြောင်း ကိုဇာဂနာက ပြောသည်။
“တော်တော်မေးကြတယ်။ တချို့ဇာတ်လမ်း လာပြတယ်။ တချို့ကျတော့ အကြောင်းအရာ လာဆွေးနွေး ကြတယ်။ ကျနော် သဘောအကျဆုံးက ၉ တန်းကျောင်းသား ကျောင်းသူလေးတွေ လာဆွေးနွေးတာ ပါပဲဗျာ” ဟု ၎င်းက ဆိုသည်။
အဆိုပါပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပွဲတွင်ပါဝင်ကူညီမည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကလည်း ၎င်း၏ facebook စာမျက်နှာများတွင် ဖော်ပြထားသည်။
ယခု လတ်တလော အချိန်အထိ ပြည်တွင်းမှ ရုပ်ရှင်ကား ၅ ကားနှင့် ပြည်ပမှ ၁၃ ကား ဝင်ရောက် ယှဉ်ပြိုင် ထားကြောင်း သိရသည်။
အနုပညာလောကနှင့် နှစ်ပေါင်းများစွာ ကင်းကွာနေပြီး နာရေးကူညီမှုအသင်းကို တည်ထောင်ခဲ့သည့် သရုပ်ဆောင် ဒါရိုက်တာ ကျော်သူကလည်း ဤပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ဇာတ်လမ်းတို ပြိုင်ပွဲများ ပြုလုပ်ခြင်းသည် မြန်မာ့ရုပ်ရှင် အနုပညာကို ကမ္ဘာက သိနိုင်ရန် စတင်ထိုးဖောက်မှု တခု ဖြစ်သောကြောင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဒါရိုက်တာ မလိခ စိုးထိုက်အောင်က ဧရာဝတီကို ပြောသည်။
“ဒီလို ပြိုင်ပွဲတွေ အမြဲတမ်းကျင်းပရင်း ကျနော်တို့ရဲ့ မြန်မာ့ရုပ်ရှင် အနုပညာကို ကမ္ဘာက သိအောင် ထိုးဖောက်နိုင်ဖို့ ကြိုးစားကြတဲ့အပေါ် ဝမ်းသာပါတယ်။ လွတ်လပ်ခြင်း ဆိုတာကတော့ လူတိုင်း လိုလားနှစ်သက်တဲ့ အရာပဲလေ။ အဲဒီခေါင်းစဉ်ကိုလည်း ကြိုဆိုပါတယ်” ဟုသူက ဆိုသည်။
၎င်းအနေဖြင့် စိတ်ကူးစိတ်သန်းရ၍ မိမိ၏ဖန်တီးမှုကို အားရကျေနပ်မှုရှိမည် ဆိုလျှင် အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားထားကြောင်းလည်း ဆက်ပြောသည်။
လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသည့် ဇာတ်ကားများကို နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ပေးပို့မည်ဖြစ်ပြီး ဆုမရရှိသူများကိုလည်း ၂၀၁၂ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် အမေရိကန်နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း ကိုဇာဂနာက ရှင်းပြသည်။
လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကို ချမှတ်ထားသည့် မူဘောင်များအတွင်း ကျင်းပရန် မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးက လူရွှင်တော် ဇာဂနာအား ခေါ်ယူတွေ့ဆုံ၍ အသိပေးပြောဆိုကြောင်း နိုဝင်ဘာ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
လူရွှင်တော် ဇာဂနာက “အသိပေးရုံပါဗျာ၊ စာပေ စိစစ်ရေးမှာ တင်ထုတ်၊ ထုတ်တင် နှစ်မျိုးရှိသလို ရုပ်ရှင်မှာလည်း အခကြေးငွေနဲ့ပြတာရယ်၊ ငွေကြေးမယူဘဲ ပြတာရယ် နှစ်မျိုး မတူပါဘူး” ဟု ဧရာဝတီကို ပြောသည်။
မြန်မာပြည်တွင် ဇာတ်လမ်းတို ရုပ်ရှင်ပြိုင်ပွဲကျင်းပခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မကြာသေးမီက ဝဿန် အမည်ရှိ မှတ်တမ်းနှင့် ဇာတ်လမ်းတို ရုပ်ရှင်ပွဲတော် ကျင်းပခဲ့သည်။