ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံရှိ အစ္စလမ် ဘာသာဝင် ၁၀၀၀ နီးပါး လေကြောင်းလိုင်း အခက်အခဲကြောင့်ရန်ကုန်လေဆိပ်တွင် တရက်တာ နေထိုင်ခဲ့ရပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သတင်းရသည်။
အဆိုပါ ဘုရားဖူး ၉၉၈ ဦးသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့ နံနက်မှစတင်ကာ ကြာသပတေးနေ့ နံနက်တိုင် လေယာဉ်ကွင်း အတွင်း စားသောက်၊ နေထိုင်မှု အခက်အခဲများဖြင့် ညအိပ်စောင့်ခဲ့ကြောင်း၊ သို့သော် လေယာဉ်မလာရောက်သည့်အတွက် ခရီးစဉ် ကို ဖျက်သိမ်းခဲ့ရကြောင်း ဘုရားဖူးများက ဧရာဝတီသို့ ပြောသည်။
Gulf လေကြောင်းလိုင်းနှင့် Mansik လေကြောင်းလိုင်းတို့ကို ခရီးသွားကုမ္ပဏီများက စုပေါင်း ငှားရမ်းထားသော်လည်း ငှားရမ်းခနှုန်း ညှိနှိုင်းမရသောကြောင့် လေယာဉ်မလာခြင်း ဖြစ်ကြောင်း သိရသည်။
ဘုရားဖူးအဖွဲ့ဝင် ပြည်မြို့မှ ဦးတင်ဝင်းက“လေဆိပ်မှာ တနေ့နဲ့တည အစားအသောက်၊ သောက်ရေအထိ အားလုံးအခက်အခဲ ဖြစ် ခဲ့ရတယ်၊ ဘယ် အစ္စလမ်ဘာသာရေး အဖွဲ့ကမှ လာပြီးမကူညီဘူး၊ ခရီးသွား ကုမ္ပဏီတွေကလည်း ရှောင်နေတယ်၊ ရန်ကုန်က လူတွေ ကူညီလို့သာ စားရသောက်ရတာ”ဟု ပြောသည်။
မြန်မာနိုင်ငံမှ တနှစ်လျှင် အစ္စလမ်ဘာသာဝင် ဦးရေ ၅၀၀၀ ခန့် နှစ်စဉ်သွားရောက် ဘုရားဖူးခွင့် ပြုထားရာ မြန်မာနိုင်ငံ ဟာဂျီ ကိုယ်စားလှယ် အဖွဲ့မှ ဦးစီးကာ City World ၊ ချို ဘရားသား၊ ရှား ဘရားသား၊ သားသား၊ နာနီပါး၊ မဟာရွှေ၊ ဟာဂျီဝလီ စသည့် ခရီးသွားကုမ္ပဏီ ၂၂ ခုက လူတဦးလျှင် ကျပ် သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အတွင်း အခကြေးငွေယူကာ ပို့ဆောင် ပေးနေခြင်းဖြစ် သည်။
ဘုရားဖူးအဖွဲ့ဝင်တဦးဖြစ်သည့် အသက် ၇၂နှစ် အရွယ် ဦးသန်းရွှေကလည်း“အသက်ကြီးတော့ ဘာသာရေးကျင့်စဉ် တခုကို ပြင်းပြင်းပြပြ လိုချင်တာပါ၊ ဟာ့ဂျ် ကိုယ်စားလှယ် ခရီးသွားကုမ္ပဏီတွေက ခပ်လွယ်လွယ်လုပ်လိုက်တော့ ယုံကြည်ချက်ကို ထိခိုက် တယ် လို့ ခံစားရတယ်”ဟု ဆိုသည်။
လာမည့်နှစ်တွင်လည်း ဆော်ဒီအာရေဗျ နိုင်ငံ ဟာ့ဂျ် ခရီးစဉ် သွားလိုသော်လည်း မြန်မာနိုင်ငံရှိ မည်သည့် ဟာ့ဂျ် ခရီးသွားကိုယ်စားလှယ်များကို ယုံကြည်၍ လုပ်ကိုင်ရမည်ကို မသိတော့ကြောင်း ဦးသန်းရွှေက ပြောသည်။
အစ္စလမ် ဘာသာတွင် ဟာဂျီ ဆိုသည်မှာ ဘုရားသခင်၏ အိမ်တော်သို့ သွားရောက်လည်ပတ်သည့် ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ရပြီး ဥပုသ်လ၏ သတ်မှတ်ထားသည့် ၅ ရက်အတွင်း မက္ကာသို့ သွားရောက်ကာ ဟာ့ဂျ် ဝတ်ပြုကျင့်စဉ်ကို အောင်မြင်စွာ ပြုလုပ်မှသာ ဟာဂျီ တဦးအဖြစ် ရယူနိုင်သည့်အတွက် ဟာ့ဂျ် ခရီးစဉ်သွားရောက်လိုကြကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးခရီးစဉ် ဖျက်သိမ်းခဲ့ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ရှား ဘရားသား ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတဦးက ဘုရားဖူးခရီးစဉ်ကို ဆော်ဒီအာရေဗျ နိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဟာဂျီ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသော ပုဂ္ဂိုလ်တချို့တွင် တာဝန်ရှိကြောင်း၊ မိမိတို့ ကုမ္ပဏီ အနေဖြင့် ခရီးသွား ၁၀၀ ကျော်ထံမှ လက်ခံထားသည့် ငွေကြေးများကို အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း၊ ယခုအဖြစ်အပျက်နှင့် ပတ်သက် ၍ စိတ်မကောင်းဖြစ်ရကြောင်း ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး အစိုးရ အသိအမှတ်ပြုထားသည့် အစ္စလမ် သာသနာရေးကောင်စီသို့ ဆက်သွယ်မေးမြန်းသော် လည်း ဆက်သွယ်၍ မရရှိပေ။