ထိုင်းနိုင်ငံအနှံ့ လနှင့်ချီ၍ ရေကြီးနေသည့် ကာလတွင် သတင်းအချက်အလက် နားလည်သိရှိမှု အားနည်းနေသောကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား အများအပြား ပိုမိုဒုက္ခကြုံတွေ့နေရကြောင်း ကြားသိရသည်။
“တကယ် ရေဘေး ကြုံရပြီးဆိုရင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုကြိုတင် ပြင်ဆင်ထားရမှာလဲ၊ ဘယ်သူတွေနဲ့ ဆက်သွယ်ရမှာ လဲ ဆိုတဲ့ အချက်အလက်တွေ လိုအပ်တယ်။ ထိုင်းလူမျိုးတွေ ကျတော့ စာနဲ့ပေနဲ့ ကြေညာတာတွေ လက်ကမ်းစာစောင် တွေနဲ့ သတိပေးတာတွေရှိတော့ အဆင်ပြေတာပေါ့။ ကျနော်တို့ မြန်မာ အလုပ်သမားတွေ အတွက်ကျတော့ အဲဒီလောက် အထိ အသိမပေးနိုင်ဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဖံွ့ဖြိုးမှု ဖောင်ဒေးရှင်း (HRDF) မှ ဦးစိန်ဌေးက ပြောသည်။
ယခုလ ၆ ရက်နေ့မှ စတင်၍ စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသတွင် ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း၊ စက်ရုံအများအပြား ရှိသည့် ထိုဒေသတွင် မြန်မာပြည်သား အလုပ်သမား ခန့်မှန်ခြေ လူဦးရေ ၃ သိန်း ခန့် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ တဦးက ဆိုသည်။
ယင်းဒေသရှိ မြန်မာပြည်သား အလုပ်သမားများသည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အထည်ချုပ် စက်ရုံကြီးများတွင် လုပ်ကိုင်နေကြသည်။
ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး တချို့မှာ နေရပ်သို့ ပြန်သွားကြ သော်လည်း အများစုမှာ အလုပ်ရှင်များက လုပ်အားခ မပေးသောကြောင့် နေရပ်ပြန်ရန် ငွေကြေး အခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။
ရေဘေး ဒုက္ခတွေ့နေကြသည့် မြန်မာပြည်သား အလုပ်သမားများမှာ မဟာချိုင်ဒေသရှိ ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေးစခန်း၌ နေထိုင်နေရကြောင်း၊ ၎င်းအလုပ်သမားများ၏ လုပ်အားခများ ရရှိစေရန် အဆိုပါဒေသရှိ ထိုင်းအလုပ်သမား ကာကွယ် စောင့်ရှောက်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးမည်ဟု ယနေ့ လာရောက်ပြောဆိုသွားကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
မဟာချိုင်ဒေသရှိ မြန်မာရေဘေးဒုက္ခသည်များအား ကူညီရန် ရောက်ရှိနေစဉ် ဦးထူးချစ်က အထက်ပါအတိုင်း ပြောဆိုသည်ကို ကြားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“အလုပ်သမားတွေ လုပ်အားခ မရသေးရင် အကြောင်းကြားပါ ဆိုပြီးတော့ လာပြောတယ်။ မနက်ဖြန်ကျရင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ရုံးကနေပြီးတော့ ဘယ်အလုပ်သမားက ဘယ်လောက် ရဖို့ရှိသလဲ၊ ဘယ်စက်ရုံမှာ ရဖို့ရှိသလဲ ဆိုတာ စာရင်းယူပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ လာပြောသွားတယ်” ဟု ဦးထူးချစ်က ပြောသည်။
ယင်း ရေဘေး ဒုက္ခသည် စခန်းတွင် မြန်မာပြည်သား လူဦးရေ ၃၀၀ ကျော်ရှိပြီး ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အချိုရည်၊ သောက်ရေသန့်၊ မုန့်၊ ဆန်၊ ငါးပိကြော် စသည့် အစားအသောက်တို့ကိုလည်း ကိုထူးချစ်နှင့် အဖွဲ့က ထောက်ပံ့ပေးခဲ့ သည်ဟု ဆိုသည်။
ထိုင်းလုပ်ငန်းရှင် သူဌေးများက မြန်မာပြည်သားများကို ထိုင်းနိုင်ငံတွင် ဆက်နေစေချင်ပြီး အစားအသောက်များ ကိုလည်း စီစဉ်ပေးထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာ သံရုံးမှ တာဝန်ရှိသူများက ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာပြည်သားများကို ဖမ်းဆီးခြင်း မပြုလုပ် ရန် ယာယီနေထိုင်ခွင့် စာရွက်စာတမ်းများအား အောက်တိုဘာ၂၉ ရက်နေ့က စတင်ထုတ်ပေးခဲ့သည်။
နေရပ်ပြန်လိုသည့် မြန်မာပြည်သားတချို့ကို ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ တဘက်ကမ်း မြဝတီမြို့အထိ ကားဖြင့် သံရုံး တာဝန်ရှိသူ များက စီစဉ်ပေးကြောင်း သိရသည်။
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၅၂၉ ဦး သေဆုံး၍ လူဦးရေ သန်းနှင့်ချီကာ ရေဘေး ဒုက္ခသည်အဖြစ် အခက် အခဲနှင့် ကြုံနေရကြောင်း ထိုင်းသတင်းများက ဆိုသည်။
ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်က ထိုင်းနိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများ၏ ယုံကြည်မှုကို ပြန်လည်ထိန်းသိမ်းရန်နှင့် တခြား စီးပွားရေး လုပ်ငန်းများ အပါအဝင် ရေဘေးဒုက္ခကြုံနေရသည့် ဒေသများအတွက် ဆောင်ရွက်သွားမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
မကြာခင် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ ဟာဝိုင်ယီ အပန်းဖြေကျွန်းတွင် ကျင်းပမည့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးသို့ မတက်ရောက်ပဲ ရေဘေးကိစ္စများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သူများက ဆိုသည်။
ရေကြီးမှုကြောင့် အယုဒ္ဓယ ခရိုင် ဘန်ကောက်မြို့အနီး ပထုံဌာနီနှင့် စက်မှုဇုန်ကြီးများရှိ စက်ရုံ အလုပ်ရုံများ ပိတ်လိုက်ရ သဖြင့် မြန်မာအလုပ်သမားများမှာ အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ နေ့စဉ် နေရပ်သို့ ပြန်နေကြသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၂ သန်းမှ ၄ သန်းကြား ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။