တရားမဝင် ကားတင်သွင်းမှုများကို အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိနေချိန် အေးရှားဝေါလ် ဆိပ်ကမ်းတွင် တာဝန် ထမ်းဆောင်နေသော အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ်မှာ အကြောင်းပြချက်မရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားပြီး ကျန်အရာရှိတချို့လည်း ထွက်ပြေးရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။
ပုဂ္ဂလိက ဆိပ်ကမ်းများဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းများတွင် လိုင်စင်မဲ့ကားများ တရားမဝင် ဖမ်းဆီးချိန်မှစ၍ ဦးအောင်ရဲထွဋ်မှာ ရုံးမတက်တော့ကြောင်း၊ ၎င်းနှင့်ရင်းနှီးသော အကောက်ခွန် ညွှန်ကြားရေးမှူးများက ဦးအောင်ရဲထွဋ် ကိုယ်စား ခွင့်တိုင်ခဲ့ကြကြောင်း၊ သို့သော်လည်း အစိုးရ၏ ခွင့်ပြုထားသည့် ခွင့်ရက် ကျော်လွန်သည်အထိ ဦးအောင်ရဲထွဋ်မှာ ရုံးပြန်မတက်တော့ကြောင်း၊ ထို့ကြောင့် လစာမဲ့ခွင့်အဖြစ် ဆက်လက် တင်ပြထားသော်လည်း သက်ဆိုင်ရာအကောက်ခွန်ရုံးချုပ်သို့ ဆက်သွယ်ခြင်းမပြုကြောင်း အကောက်ခွန်ရုံးနှင့် နီးစပ်သူများက ပြောသည်။
“ဆိပ်ကမ်းမှာ ကားတွေစပြီးဖမ်းတဲ့ ဒီနှစ်လယ် လောက်ကတည်းက ဦးအောင်ရဲထွဋ် ရုံးမတက်တော့တာ၊ အခုဆိုရင် ၄ လကျော် ၅ လလောက် ရှိနေပြီ။ ကားတွေ တရားဝင် သွင်းတဲ့အမှုနဲ့ သူက တိုက်ရိုက် ပတ်သက်နေတော့ မရှင်းနိုင်လို့ ထွက်ပြေးသွားတာ။ တချို့အရာရှိတွေလည်း ပြေးဖို့ ပြင်နေကြပြီ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးမှ အရာရှိတဦးက ပြောသည်။
လိုင်စင်မဲ့ကားများ တရားမဝင် တင်သွင်းမှုတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးမှူး၊ ဒု ဦးစီးမှူးအပါအဝင် အကောက်ခွန်ဝန်ထမ်း ၆၀ ကျော် ပါဝင်ပတ်သက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ် ထားသော စုံစမ်းစစ်ဆေးချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
“အကောက်ခွန် ဦးစီးဌာနညွှန်ချုပ်ဟောင်း ဗိုလ်မှူးကြီးစံသောင်း (ယခုမြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး) လက်ထက်မှာ အကျင့်ပျက် ခြစားတာတွေ အုပ်စုဖွဲ့ကျူးလွန်တာမျိုး အများကြီးဖြစ်ခဲ့တယ်။ အခုညွှန်ချုပ် ဦးထွန်းသိန်း လက်ထက်မှာလည်း ဆက်ဖြစ်နေတာပဲ။ ဒါပေမယ့် ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းက သူ့လူတွေကို အထိမခံဘူး။ ကာကွယ်ပေးထားတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနရုံး အရာရှိက ဆိုသည်။
ဦးထွန်းသိန်းသည် ယခင်က နေပြည်တော်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ရုံးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ဝန်ကြီးဦးလှထွန်း၏ လူယုံလည်းဖြစ်ကာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ယခုနှစ်ဆန်းပိုင်းတွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။
ယခုနှစ် သြဂုတ်လအတွင်းက ကား ၇ စီး တရားမဝင် သယ်ဆောင်လာသည်ဟု ဆိုကာ ACE အမည်ရှိ ဝန်ဆောင်မှု အေဂျင်စီ တခုကို လုပ်ငန်းလိုင်စင် ရာသက်ပန် ရုပ်သိမ်းခဲ့သည့်အပြင် အဆိုပါအေဂျင်စီတွင် လုပ်ကိုင်နေသူများ၏ လုပ်ကိုင်ခွင့် ကတ်များကိုပါ ၇ ရက်တွင်း အကောက်ခွန်ဦးစီးဌာနသို့ ပြန်အပ်စေခဲ့သည်။
ထိုကိစ္စကို မကျေနပ်သော အေးဂျင့်များက လာဘ်ယူခဲ့သော အကောက်ခွန်အရာရှိများ အကြောင်း သမ္မတ ဦးသိန်းစိန်ထံသို့ တိုင်စာများပေးပို့ခဲ့ကြသည်။
“လက်ခုပ်ဆိုတာ တဘက်တည်း တီးလို့ မမြည်ပါဘူး။ အေးဂျင့်တွေမှာ အပြစ်မရှိဘူးလို့ မပြောဘူး၊ အေးဂျင့်တွေရော၊ ကားခိုးသွင်းတဲ့သူရော၊ အစိုးရဝန်ထမ်းတွေပါ ပေါင်းလုပ်ကြတာ။ ဒါပေမယ့် အစိုးရဝန်ထမ်းတွေက အပြစ်မရှိသလိုလိုနဲ့ တခြားလူတွေကို အပြစ်ပုံချတာ၊ ထိုးချတာကတော့ လုံး၀ လက်မခံနိုင်ပါဘူး” ဟု ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ အကောက်ခွန် ရှင်းလင်းရေး အေးဂျင့်တဦးက ပြောသည်။
၂၀၀၆ ခုနှစ်က အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးနှင့် ဝန်ထမ်း ၆၀၀ ကျော်ကို အကျင့်ပျက်ခြစားမှုဖြင့် အရေးယူ ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် ယင်းနှစ်တွင်ပင် အကောက်ခွန်ဦးစီးမှူး ၁၀၀ ကျော် ခန့်ထားရန် အလုပ်ခေါ်ယူခဲ့ရာ လူ ၈၀၀၀ ကျော် အလုပ်လျှောက်ထားခဲ့ပြီး စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူများမှာ အထူးဦးစားပေးအဖြစ် အလုပ် ခန့်အပ် ခံခဲ့ရကြောင်း သိရသည်။