ယခုနှစ် သတင်းကျွတ်နှင့် တန်ဆောင်တိုင် ပွဲတော်များတွင် စစ်အစိုးရ လက်ထက်ကကဲ့သို့ ဗြောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများ ဖောက်ခြင်းတို့ကိုတားမြစ်ခြင်း မရှိတော့ကြောင်း ကြားသိရသည်။

ယခင်နှစ်များတွင် သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော် ရာသီ နီးကပ်လာပါက ဗြောက်အိုးထုတ်လုပ် ရောင်းချခြင်း၊ ဖောက်ခြင်းတို့ကို ပြုလုပ်ပါက ထောင်ဒဏ်၊ ငွေဒဏ် များဖြင့် ပြင်းထန်စွာ အရေးယူမည်ဆိုသည့် တားမြစ် ချက်များအား အစိုးရထုတ် သတင်းစာများက ဆက်တိုက်ဖော်ပြလေ့ရှိပြီး ယခုနှစ်တွင် ရေးသားဖော်ပြခြင်း မရှိတော့ပေ။
“ဒီနှစ်သီတင်းကျွတ်မှာ ဆူညံနေအောင် ဗြောက်အိုးတွေ ဖောက်ကြတယ်။ လှည်းတန်းမှာဆိုရင် ရဲစခန်းဝန်းထဲမှာပါ ညလုံးပေါက် ဖောက်နေကြတယ်။ တန်းဆောင်တိုင် ပွဲတော်မှာတော့ ကလေးတွေက မီးရှူးမီပန်းတွေလောက်ပဲ ဖောက်တာ တွေ့ရတယ်” ဟု ရန်ကုန် ကမာရွတ်မြို့နယ်အတွင်း နေထိုင်သူတဦးက ပြောသည်။
ယခုနှစ်တန်ဆောင်တိုင် ပွဲတော်သည် မြန်မာပြည်အနှံ့ ယခင်နှစ်များကထက် ပိုမိုစည်ကားနေပြီး ရွှေတိဂုံစေတီ ခြေရင်းတွင်လည်း ယခင်ကကဲ့သို့ လက်နက်ကိုင် လုံခြုံရေးများ ချထားခြင်း မတွေ့ရတော့ကြောင်း သိရသည်။
ရန်ကုန်မြို့၏ နေရာအနှံ့အပြား၌ ကထိန်သင်္ကန်း ကပ်လှူပွဲများကို စည်ကားစွာ လုပ်ဆောင်နေကြကြောင်း၊ ရွှေတိဂုံ စေတီတော်တွင် ယနေ့နံနက် ၅ နာရီခန့်မှ စတင်၍ ဘုရားဖူး ပြည်သူများဖြင့် ပြည့်နှက်နေကြောင်း၊ နှစ်တိုင်းကဲ့သို့ လုံခြုံရေးတာဝန်ယူထားသော လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့များ ချထားခြင်း၊ တဦးချင်းစီအား စစ်ဆေးခြင်းများ မရှိတော့ကြောင်း ဘုရားဖူး တဦးကဆိုသည်။
“နှစ်တိုင်းထက် ထူးတာကတော့ ဒီနှစ်မှာ ကထိန်ကားတန်းကြီးက ပိုရှည်တယ်။ အလှူပစ္စည်းတွေများလာတယ်။ ဘယ်ဘုန်းကြီးကျောင်းပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် သွားလာ လှူဒါန်းနေကြတာ တွေ့ရတယ်” ဟု ရန်ကုန်မှ သတင်းထောက် တဦးက ပြောသည်။
ထို့အတူ နှစ်အတန်ကြာ ပိတ်ပင်ထားသည့် နိုင်ငံကျော်ကာတွန်းဆရာကြီး ဦးဘဂျမ်းအထိမ်းအမှတ် ၁၃ လမ်း ကာတွန်းပြပွဲကို ယခုနှစ် တန်ဆောင်တိုင်ပွဲတော် ကာလတွင် စည်ကားစွာ ပြန်လည် ကျင်းပခွင့် ရခဲ့သည်။
ဦးဘဂျမ်း အမှတ်တရ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မီးထွန်းပွဲတော်အား နှစ်စဉ် ကျင်းပခွင့်ရသော်လည်း ကာတွန်းပြပွဲကိုမူ စစ်အစိုးရလက်ထက်တွင် ကန့်သတ်ထားခဲ့ကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် ဦးဘဂျမ်းအမှတ်တရ ကာတွန်းပြပွဲတွင် ကာတွန်းဆရာ ၉၀ ခန့်၏ ကာတွန်း လက်ရာများကို ရန်ကုန် လမ်းမတော်မြို့နယ် ၁၃ လမ်း၌ ခင်းကျင်းပြသထားကြောင်း သိရသည်။
ယခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ကထိန်သင်္ကန်း ကပ်လှူပွဲများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး စသည့်မြို့ကြီးများအပါအဝင် အမြို့မြို့ အနယ်နယ်တွင် ယခင်နှစ်များကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်။
တန်ဆောင်တိုင်ပွဲတော် စည်ကားသော်လည်း ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်း တချို့၌ သံဃာတော် အရေအတွက် နည်းပါး လျှက်ရှိပြီး ကပ္ပိယ အရေအတွက်က ပိုများနေကြောင်း မြို့ခံ တချို့က ပြောသည်။
နှစ်စဉ် အလွန်စည်ကားသည့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်သည် ယခုနှစ်တွင် ယခင်နှစ်များကကဲ့သို့ တိုးမပေါက်အောင် စည်ကားသော်လည်း လွှတ်တင်သည့် မီးပုံပျံ အရေအတွက် နည်းပါးသွားသည်ဟု တောင်ကြီးဒေသခံ တဦးက ဆိုသည်။
“ကုန်ဈေးနှုန်းတွေ ကြီးလာတော့ မီးပုံးပျံတခုကို ကျပ် သိန်း ၃၀ လောက်အထိ ကုန်တယ်။ စက္ကူဈေး၊ မီးရှူး၊ မီးပန်းဈေးတွေက မြင့်လာတော့ တချို့အဖွဲ့တွေက ဝင်မပြိုင်နိုင်ကြတော့ဘူး” ဟု ဒေသခံ လူငယ်တဦးက ပြောပြသည်။
တောင်ကြီး မီးပုံပွဲတော်တွင် မီးပုံလွှတ်တင်ခြင်းကို ဒေသခံလူငယ်များက အဖွဲ့ဖွဲ့၍ ပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ ပြိုင်ပွဲ၌ အနိုင်ရသည့် အဖွဲ့များကို ဆုကြေးငွေ ချီးမြှင့်ပေးကြောင်း၊ သို့ရာတွင် နောက်ပိုင်း၌ အစိုးရနှင့်နီးစပ်သည့် အဖွဲ့ကိုသာ ဦးစားပေး ဆုချီးမြှင့်လေ့ ရှိလာ၍ လူငယ်အဖွဲ့ တချို့မှာ ဝင်မပြိုင်နိုင်ကြတော့ကြောင်း သိရသည်။
“ဆုတွေရရင်တော့ အဲဒီငွေတွေနဲ့ပဲ နောက်နှစ်အတွက် မီးပုံးတွေလုပ်တာ၊ ဝင်ပြိုင်တာတွေ လုပ်ကြတယ်။ ဒါမှမဟုတ်လည်း စုပြီး ငွေကောက်တယ်။ အခုက ဈေးတွေမြင့်လာတော့ လူငယ်တွေက ပိုက်ဆံမတတ်နိုင်တော့ မပြိုင်နိုင်ကြတော့ဘူး။ ကုမ္ပဏီတွေက စပွန်ဆာပေးတဲ့ သူတွေလောက်ပဲ မီးပုံးတွေ လွှတ်တင်နိုင်ကြတော့တယ်” ဟု ဒေသခံ လူငယ်က ရှင်းပြသည်။
တောင်ကြီးမီးပုံးပျံ ပွဲတော်သည် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာပွဲတော် တခုလည်း ဖြစ်သည်။
တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ကထိန်သင်္ကန်း ကပ်လှူပူဇော်သည့် အခမ်းအနားများကို နိုင်ငံရပ်ခြားသို့ ရောက်နေသည့် မြန်မာနိုင်ငံသားများကလည်း နှစ်စဉ် ကျင်းပလေ့ ရှိသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ချင်းမိုင်၊ ဘန်ကောက် စသည့်မြို့များ၌ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ သည်လည်း တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ကထိန်သင်္ကန်း ကပ်လှူခြင်း၊ ဆီမီးထွန်းခြင်းများ လုပ်ဆောင်ကြသည်။
ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့၌ ထိုင်းနှင့် မြန်မာ နိုင်ငံသားများ ပူးပေါင်း၍ မီးမျှောပွဲ၊ ကထိန်ပွဲများ ကျင်းပကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရည်ရွယ်၍ အလှမယ် ပြိုင်ပွဲများကိုပါ တန်ဆောင်တိုင်ပွဲတော်တွင် ထည့်သွင်း ကျင်းပကြသည်။