ထိုင်းရိုးရာ တန်ဆောင်တိုင် မီးမျှောပွဲ (လွိုင်ကထုံ)တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် ရည်ရွယ်၍ မြန်မာအလှမယ် ရွေးချ ယ် ပွဲကို မဲဆောက်မြို့ထာ့စိုင်လို့ဝပ်ဒေသ မြူနီစပယ်အဖွဲ့က ယမန်နေ့ညတွင် ကျင်းပသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသူ ၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ မြဝတီမြို့မှ လာရောက် ယှဉ်ပြိုင်သည့် အသက် ၂၂ နှစ်ရှိသော တတိယနှစ် ဥပဒေ ကျောင်းသူ မမင်းမင်းစိုး ပထမဆု ရရှိသွားသည်။
ပြိုင်ပွဲဝင်အများစုမှာ မဲဆောက်ရှိ စက်ရုံ အလုပ်ရုံများနှင့် ကုမ္ပဏီများမှ ဝန်ထမ်းများ ဖြစ်သည်။
မော်လမြိုင် တက္ကသိုလ်တွင် ဥပဒေပညာ သင်ကြားနေသည့် မမင်းမင်းစိုးက ကျောင်းပြီးသွားလျှင် ဥပဒေအကျိုးဆောင် အလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုမည်ဟု ဆိုသည်။
မမင်းမင်းစိုးက“ထိုင်း-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ၊ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာအမျိုးသမီးတွေအားလုံး ကျန်းမာရေး အတွက် ကိုယ်ကာယလေ့ကျင့်ခန်း ကစားနည်းတွေကိုလိုက်စားကြဖို့ တိုက်တွန်း ချင်ပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
ယင်း မြန်မာ မယ်ရွေးပွဲတွင် ဒုတိယ ဆုကို မသဲသဲက ရရှိ၍ တိတယဆုကို မမိုးမိုးကရရှိပြီး လက်ဆောင်ပစ္စည်းများနှင့်အတူ ပထမ ဘတ် ၅၀၀၀၊ ဒုတိယ ဘတ် ၃၀၀၀ နှင့် တတိယ ဘတ် ၂၀၀၀ ငွေသား ဆုများ ချီးမြှင့်ပေးသည်ဟု ပွဲကျင်းပရေး အဖွဲ့ဝင်တဦးက ပြောသည်။ ပြိုင်ပွဲဝင်သူ အားလုံးကို လက်ဆောင်ပစ္စည်း ပေးသည်ဟုလည်း ဆိုသည်။

ပြိုင်ပွဲဝင်များကို အကဲဖြတ်ဒိုင်များက ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ကြောင်း၊ ပြိုင်ပွဲဝင် အများစုက ဆုရရှိခဲ့ပါက ဆင်းရဲချို့တဲ့ ပြီး ကျောင်းမနေနိုင်သော ကလေးများနှင့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများကို အကူအညီပေးသွားမည်ဟု ထည့်သွင်း ဖြေကြားကြ ကြောင်း သိရသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး အလှမယ်ပြိုင်ပွဲကို မဲဆောက်ဒေသရှိ သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများ လာရောက် အားပေး ကြည့်ရှုကြသည်။
အဆိုပါပြိုင်ပွဲသို့ တက်ရောက်အားပေးသည့် မဲဆောက်မြို့ပိုင် နိုင်ပရီချာကျိုင်ဖက် က“အခုလို နှစ်နိုင်ငံ ချစ်ကြည်ရေးပွဲတော် တွေ ပြုလုပ်ပေးခြင်းအားဖြင့် အနာဂတ်မှာ နှစ်နိုင်ငံချစ်ကြည်ရေးဟာ ပိုမို တိုးတက်ခိုင်မြဲလာမှာဖြစ်တယ်”ဟု ပြောဆိုသည်။
မြန်မာ အလှမယ်ရွေးပွဲကျင်းပသည့် စင်မြင့်တခုတည်းတွင်ပင် ထိုင်း အလှမယ် ပြိုင်ပွဲကိုလည်း သီးခြားစီ ကျင်းပရာ ထိုင်း နိုင်ငံ သူ ၈ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။