အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) က ၇ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် အရေးပေါ် ညီလာခံတွင် ရွေးချယ်ဖွဲ့စည်း လိုက်သည်။
၃ ရက်ကြာ ကျင်းပသည့် ညီလာခံမှ ရွေးချယ်ခဲ့သော ကိုယ်စားလှယ်များမှာ ဒု ဥက္ကဌ ပဒိုဒေးဗစ် သာကဘော၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ သစ်တောဌာနမှူး ပဒိုစောအားတိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာနမှူး ဗိုလ်မှူးစောရောဂျာခင်နှင့် ဘားအံခရိုင် ဥက္ကဌ ပဒိုအောင်မော်အေးတို့ ဖြစ်သည်။
ယင်း ကိုယ်စားလှယ်အဖွဲ့ကို အရေးပေါ် ညီလာခံတက်ရောက်လာသည့် ဗဟိုကော်မတီဝင် ၃၀ နှင့် အရံ ဗဟိုကော်မတီဝင် ၁၅ ဦး တို့ အကြေအလည်ဆွေးနွေးပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ညီလာခံကို ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KNU လက်အောက်ခံ ခရိုင် ၇ ခုနှင့် တပ်မဟာ ၇ ခု မှ စစ်ဘက်နှင့် အရပ်ဘက်မှ ခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်ဟု KNU နှင့် နီးစပ်သူ တဦးက ပြောသည်။
KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ အစိုးရ ကိုယ်စားလှယ်များနှင့် တွေဆုံဆွေးနွေးရန်ရှိပြီး ရက်အတိအကျသတ်မှတ်ထားခြင်း မရှိသေးသော်လည်း ယခုနှစ်ကုန်ပိုင်းတွင်ဖြစ်နိုင်ခြေရှိသည်ဟု KNU ခေါင်းဆောင်တဦး၏ အဆိုအရ သိရ သည်။
ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ယခင်လက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် KNU အဖွဲ့က ကရင်ပြည်နယ် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်မဟုတ်ဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးနိုင် မည်ဟု ပြောကြားခဲ့သည်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ က သဘောတူခဲ့သည်ဟု သိရသည်။
KNU သည် နှစ်ပေါင်း ၆၀ ကျော် အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည်။
KNU အဖွဲ့နှင့်နားလည်မှုရယူထားသည့် ဗိုလ်ချုပ် စောလားပွယ်(နှုတ်ခမ်းမွေး) ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့သည် ယခုလဆန်း ၃ ရက်က ဘားအံမြို့တွင် ကရင်ပြည်နယ် အစိုးရ တာဝန် ရှိသူများနှင့် ယာယီ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။