ိုးရတပ်များ စစ်အင် အားတိုးချဲ့နေခြင်းကို တားဆီးသည့် အနေနှင့် မန္တလေးနှင့် မြစ်ကြီးနား အကြားရှိ မီးရထားလမ်းကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် စနေနေ့တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု KIO ကပြောသည်။
ကချင် လွတ်လပ်ရေး အဖွဲ့(KIO) တွဲဖက်အတွင်းရေးမှူး ဦးလနန်က ရထားပေါ်တွင် လက်နက်များနှင့်အတူ လိုက်ပါလာသည့် အစိုးရတပ်များကို KIA ထိန်းချုပ်ဒေသသို့ ရောက်မလာနိုင်ရန်ရည်ရွယ်၍ ဖောက်ခွဲခြင်း ဖြစ်ကြောင်း ဆိုသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုးပူးဘူတာနှင့် ဆားမှော် ဘူတာအကြားရှိ ရထားလမ်းကို KIA တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင် တချို့က ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
အစိုးရတပ်များကို မန္တလေးမြို့မှ တဆင့် မြစ်ကြီးနားမြို့အထိ မီးရထားနှင့် ပို့ဆောင်နေကြောင်း၊ ယခုရက်ပိုင်း အတွင်း ကချင် ပြည်နယ်ရှိ တခြားသော မြို့နယ်များတွင် အစိုးရတပ်က စစ်ရေးလှုပ်ရှားမှုများ ပိုလုပ်လာကြောင်း သိရသည်။
“မန္တလေး-မြစ်ကြီးနား-ဗန်းမော် လေယာဉ် ခရီးစဉ်တွေမှာလည်း သူတို့က စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာတယ် လို့ KIAဘက် က သတင်းရထားတယ်၊ နည်းနည်းအရေးကြီးတဲ့ စစ်လက်နက်တွေဆိုရင် လေယာဉ်ခရီးစဉ်နဲ့ ပို့ပေးနေတာ ရှိတယ်” ဟု ဦးလနန်က ဆက်ပြောသည်။
ယင်း ဖျက်ဆီးခံလိုက်ရသည့် ရထားလမ်းကို အစိုးရ တာဝန်ရှိသူများက ပြင်ဆင်၍ ပုံမှန် ပြန်လည်ပြေးဆွဲနေကြောင်း နိုဝင်ဘာ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ လဆန်းကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ မရမ်း ဘူတာနှင့် နမ္မတီးဘူတာအကြား၌ ဗုံး ၆ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူအသေအပျောက် မရှိသော်လည်း ရထား အသွားအလာများ ခေတ္တရပ်ဆိုင်းခဲ့သည်။
ကချင်ဒေသတွင် အစိုးရတပ်များ တိုးချဲ့နေသည့် ရည်ရွယ်ချက်ကို မသိရှိရသော်လည်း နယ်မြေ စိုးမိုးရေးအတွက် ဖြစ်နိုင်ကြောင်း KIO က ဆိုသည်။
ဤအတောအတွင်း မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၁၅ နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများ ထောင်နှင့်ချီ၍ တရုတ်-မြန်မာ နယ်စပ်ရှိ KIA ထိန်းချုပ် ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ကြရကြောင်း သိရသည်။
လတ်တလော ဖြစ်ပွားနေသည့်တိုက်ပွဲတွင် နှစ်ဘက်အကျအဆုံး စာရင်းများကို မသိရှိရသေးပေ။ သို့သော် ဦးလနန်ကမူ အောက် တိုဘာ တလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အစိုးရတပ်ဘက်က သေဆုံးသူ၂၀၄ ဦးနှင့် ဒဏ်ရာရသူ၂၂၅ ဦး ရှိ ကြောင်း၊ KIA ဘက်က ၁၄ ဦး သေဆုံး၍ ဒဏ်ရာရသူ ၂၆ ဦးရှိကြောင်း ပြောဆိုသည်။
တိုက်ပွဲများကြောင့် KIAက မြစ်ကြီးနားမြို့ပေါ်သို့ ပေးထားသော လျှပ်စစ်ဓာတ်အားလည်း နိုဝင်ဘာလ ၁ရက်နေ့မှ စတင်၍ ယနေ့အထိ ပြတ်တောက်နေသောကြောင့် မီးစက်ကိုသာ အသုံးပြုနေကြရကြောင်း ဒေသခံအမျိုးသမီး တဦးက ပြောသည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က စတင်၍ အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံ ကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန်ပြောဆိုခဲ့ပြီးနောက်ပိုင်း နှစ်ဘက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား အပစ်အခတ်ရပ်စဲရေးလည်း ပျက်ခဲ့သည်။