မြန်မာပြည်မှာ ဆိုင်းဘုတ်ယဉ်ကျေးမှု ဘယ်တုန်းက စပြီး ထွန်းကားလာတယ် ဆိုတာ မပြောနိုင်ပေမယ့် ခေတ်အဆက်ဆက်ဆိုင်းဘုတ်တွေနဲ့ လူတွေကို အသိပေးပြောဆိုလာခဲ့ရတယ် ဆိုတာတော့ ငြင်းနိုင်မယ် မထင်ပါဘူး။
“မြက်ခင်းပေါ်မနင်းရ” “ငါးမဖမ်းရ” “ပန်းမခူးရ” “သတိ ဓာတ်လိုက်တတ်သည်” “သင့်ကြောင့် မီးမလောင်ပါစေနှင့်” “တပ်မြေ မကျူးကျော်ရ” စသည်ဖြင့် ဆိုင်းဘုတ်တွေကို ခေတ်အဆက်ဆက် မြင်ဖူးခဲ့ကြမှာပါ။
ကာလ ရွေ့လျောလာတာနဲ့ အမျှ ဆိုင်းဘုတ်တွေ၊ သတိပေးစာသားတွေ ရေးသားရာမှာ ပုံစံတွေကို ခေတ်မီဆန်းသစ် လာတာလည်း သတိထားမိလာပါတယ်။
အရင်ကဆိုရင် ကုန်ကားကြီးတွေရဲ့ နောက်ဘက်မှ “သတိ ကပ်မလိုက်ရ” လို့ ရေးရာကနေ “ကပ်မလိုက်နဲ့ ရှော့ရှိတယ်” ဆိုတာမျိုး ရေးလာပါတယ်။
တချို့ဆိုင်းဘုတ်တွေက တကယ်ကို သတိထားရမယ့်ကိစ္စ၊ တချို့ဆိုင်းဘုတ်တွေက စည်းကမ်း သတ်မှတ်ချက်၊ တချို့ ဆိုင်းဘုတ်ကလေးတွေကတော့ ရယ်စရာ၊ ပြုံးစရာပါ။
“အမှိုက်မပုံရ” ဆိုတဲ့ ဆိုင်းဘုတ်ကို မြုပ်ခါနီးထိ အမှိုက်တွေ ပုံထားကြတာမျိုးလည်း တွေ့ဖူးပါတယ်။
မကြာသေးခင်ကတော့ ထူးထူးခြားခြား ဆိုင်းဘုတ်တခုကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ဘုရားတွေပေါ်မှာ ရေးထားတာပါ။
“အတွဲမထိုင်ရ၊ ဆိုင်းဘုတ်ကြည့်ပြီးမှ ဘုရားထဲဝင်ပါ၊ ထပ်မပြောတော့ဘူး မောတယ်” တဲ့။
အရင်ကတော့ “ဘုရား ပရဝဏ်အတွင်း အတွဲများ မဖွယ်မရာမပြုမူရ” ဆိုတာလောက်ပဲ ရေးတာတွေ့ဖူးပါတယ်။ ဒီ ဆိုင်းဘုတ်အရ ဆိုရင်တော့ သတိပေးရတဲ့ ဘုရားလူကြီးတွေခမျာ ဘယ်လောက်တောင်မောအောင် ပြောခဲ့ရလဲ၊ နောက်ဆုံး ပြောမနိုင်တော့မှ ဆိုင်းဘုတ်ထဲမှာ ဝင်မောလိုက်ရတာလား ဆိုတာ စဉ်းစားစရာပါ။
ခင်မောင်တိုးရဲ့ နာမည်ကျော် သီချင်းထဲကလို “အရုဏ်ခံတန်ဆောင်းအောက်ဆိုရင် မေရယ်အနောက်ခြမ်းက နေစဉ် မြင်သာတဲ့အပိုင်း ထိုင်ကွယ်” ဆိုတဲ့ စာသားလေးကတော့ အခုအနေအထားတွေအရ အနှစ် ၃၀ အလွန်က “Oldies” စာရင်း ဝင်သွားပါပြီ။
ဘတ်စ်ကား စပယ်ယာတွေက ပန်းခြံရှိတဲ့ မှတ်တိုင်တွေမှာ “ရင်ခွင်နန်းတော် ပါတယ် ဆရာရေ့” “မောင့်သဘော ပါလား” စသည်ဖြင့် အော်ကြ မေးကြတာ ကြားဖူးကြမှာပါ။ ဘုရားရှိတဲ့ မှတ်တိုင်တွေမှာပါ ဒီလိုတွေ အော်မယ်ဆိုရင်တော့ မတွေးရဲ စရာပါပဲ။
ဘာသာတရားနဲ့ ယဉ်ကျေးမှုကို မထိခိုက်စေတဲ့ လွတ်လပ်မှုကို မြန်မာပြည်သားတိုင်း မြတ်နိုးတန်ဖိုးထားကြမယ် ဆိုရင် အရုပ်ဆိုး အကျည်းတန်တဲ့ အပေါ်ကလို ဆိုင်းဘုတ်မျိုးတွေ ချိတ်ဆွဲသတိပေးစရာ လိုတော့မယ် မထင်ပါဘူး။
လူထုကြားက ကာတွန်းပွဲတော်
မြန်မာပြည်မှာ စာပေဟောပြောပွဲ အပါအဝင် ပွဲမိန့် တော်တော်များများကို စစ်အစိုးရ ပိတ်ပင်ခဲ့တာ ၁၀ စုနှစ် တခုမက ကြာခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၀ နှောင်းပိုင်းက စတင်ပြီး စာပေဟောပြောပွဲတွေ ခမ်းခမ်းနားနား ပြန်လုပ်ခွင့် ရလာသလို ပန်းချီပြပွဲတွေ၊ ကာတွန်းပြပွဲတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် ပြန်လည် ကျင်းပခွင့်ရလာတာ တွေ့ရပါတယ်။
ထူးထူးခြားခြား ဆိုရင်တော့ ၁၉၉၇ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းအထိမ်းအမှတ် တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲတော်ကို ဒီနှစ် ပြန်လည် ကျင်းပခွင့်ပေးခဲ့တာပါပဲ။ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာ ဒီကာတွန်းမီးထွန်းပွဲတော်ကို ဦးဘဂျမ်းလမ်းလို့ အများကခေါ်တဲ့ ရန်ကုန် ၁၃ လမ်းမှာ ပြန်ကျင်းပမယ် ဆိုတဲ့ ကြော်ငြာပါလာပါတယ်။
မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ တအုပ်ကို ကာတွန်း အများဆုံး ၅ ကွက်ကနေ ၁၀ ကွက်လောက်ပဲ ဖော်ပြနိုင်တဲ့ အနေအထား ကနေ ကာတွန်းလက်ရာတွေ အများကြီးကို လူထုအလယ်မှာ တပြိုင်နက်တည်း ချပြခွင့် ရသွားပါပြီ။
ဟိုးအရင်ကတော့ ဦးဘဂျမ်းအထိမ်းအမှတ် ကာတွန်းမီးထွန်းပွဲတော် ဆိုတဲ့အတိုင်း မီးပုံးလေးတွေမှာ ကာတွန်းဆရာတွေက ခေတ်ကိုထင်ဟပ်တဲ့၊ ခေတ်ရဲ့ ကမောက်ကမ ဖြစ်မှုတွေကို သရော်ထားတဲ့ လက်ရာတွေရေးပြီး ချိတ်ဆွဲထားကြပါတယ်။ ကြည့်ရှုသူပရိသတ်က မီးပုံးလေးတွေနဲ့ ကာတွန်းတွေကို တပြိုင်နက်တည်း ခံစားကြရပါတယ်။
ဒီနှစ်မှာတော့ ပြန်လည်အစပြုတဲ့အနေနဲ့ ကာတွန်းဆရာပေါင်း ၉၀ ကျော်ရဲ့ ကာတွန်းလက်ရာတွေကို စက္ကူချပ်တွေမှာ ရေးသား ချိတ်ဆွဲ ပြီး နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ပြသခဲ့ပါတယ်။
မြန်မာ့ကာတွန်းပြပွဲတွေကို လူတန်းစားပေါင်းစုံ သွားလာပျော်ပါးကြတဲ့ ပွဲဈေးတန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ပြုလုပ်ခွင့် မပေးခဲ့တာ ၁၀ နှစ်ကျော် ကြာခဲ့ပြီလို့ ကာတွန်းဆရာ အော်ပီကျယ်က ပြောပါတယ်။
မနှစ်က သီတင်းကျွတ်ပွဲတော်မှာတော့ အလုံမြို့နယ် နံ့သာလမ်းမှာ ကာတွန်းပြပွဲတခု ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ် သီတင်းကျွတ် ပွဲတော်မှာလည်း ရန်ကုန်မြို့လယ်က ရေကျော် လမ်း ၅၀ မှာ ကာတွန်းလက်ရာတွေကို ဗီနိုင်းချပ်တွေနဲ့ ထုတ်ပြီး ချိတ်ဆွဲပြသခဲ့ပါတယ်။ ကြည့်ရှုသူ ပရိသတ်လည်း အလွန်သဘောကျ နှစ်ခြိုက်ပါတယ်။
မနှစ်ကရော၊ ဒီနှစ်မှာပါ ကာတွန်းလက်ရာတွေကို လွတ်လွတ်လပ်လပ်ဖြင့် ပြသခွင့် ရလာတယ်လို့ ကာတွန်း အော်ပီကျယ်က ပြောပါတယ်။
ပြခန်းတွေမှာ ပြသတဲ့ ပွဲ ဆိုတာက လူတချို့ပဲ လာကြတာပါ။ လမ်းမတွေပေါ်မှာ ပြသတဲ့ ပွဲတွေကျတော့ လူတန်းစားစုံ၊ စရိုက်စုံ၊ အရွယ်စုံက မြင်ရတွေ့ရတဲ့ အတွက် လူထုနဲ့ နီးစပ်တဲ့ ပွဲလို့ ပြောလို့ရပါတယ်။
ကာတွန်း ဆိုတာက လူတွေရဲ့ ရင်ထဲမှာ ဖြစ်ပေါ် ခံစားနေရတာတွေကို ကိုယ်စားပြု ဖော်ပြပေးတာ ဖြစ်တဲ့အတွက် လူတွေနဲ့ တသားတည်းကျတဲ့ အနုပညာလို့ ဆိုရရင် မမှားနိုင်ပါဘူး။
လူထုဆီကို တိုက်ရိုက်ရောက်တဲ့ ပြပွဲတွေ ပြသခွင့် ရလာတာဟာ သိပ်ကိုကောင်းမွန်တဲ့အရာပဲလို့ ကာတွန်းအော်ပီကျယ်က ဆိုပါတယ်။
သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆိုတဲ့ မြန်မာ့ရိုးရာ ပျော်ပွဲရွှင်ပွဲတွေကို အထိမ်းအကွပ်တွေ၊ ကန့်သတ်ချက်တွေနဲ့ ကျင်းပ ခဲ့ရတာ ဆယ်စုနှစ်တခုကျော်ပါပြီ။ ဒီနှစ်ဆိုရင် သတင်းစာထဲမှာ “ဗြောက်အိုးဖောက်ရင် ထောင်ဒဏ်၊ ငွေဒဏ်” ဆိုတဲ့ ကြော်ငြာမတွေ့ရတော့ပါဘူး။ ဒါလည်း ဝမ်းသာပျော်ရွှင်စရာ ကောင်းပါတယ်။
အစိုးရက အပြောင်းအလဲတရပ်အနေနဲ့ လူတွေကို လွတ်လပ်ခွင့် အနည်းငယ် စမ်းသပ်ပြီး ပေးကြည့်နေပြီလို့ ယူဆပါတယ်။ ဒီ လွတ်လပ်ရေးလေး ရေရည်တည် တံ့နိုင်ပါစေ၊ ပျော်စရာကောင်းတဲ့ ပွဲတော်တွေကို မြန်မာပြည်သားတွေ လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာ ဆက်လက် ဆင်နွှဲနိုင်ကြပါစေလို့ တန်ဆောင်တိုင် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ရွှေစင့် စပွန်ဆာ ဘယ်သူလဲ
မြန်မာပြည်မှာ မော်ဒယ်လ်တယောက်ဖြစ်ဖို့ စပွန်ဆာက အရေးကြီးပါတယ်။ ခေတ်ကလည်း စပွန်ဆာခေတ်လို့ ပြောရမလား ဘဲ နေရာတိုင်းမှာ စပွန်ဆာ၊ ဘာလုပ်လုပ် စပွန်ဆာ ဆိုတာမျိုး ဖြစ်နေပါပြီ။
စပွန်ဆာမှ မရှိရင်လည်း ဒီခေတ်ကြီးထဲမှာ မော်ဒယ်လ်တယောက် ဖြစ်ဖို့ ခက်ခဲပါတယ်။ အဝတ်အစား၊ အသုံးအဆောင်၊ အလှကုန်၊ ဟန်းဖုန်းကအစ ပံ့ပိုးဖို့ ဆိုတာ မြန်မာမိဘတိုင်းအတွက် မလွယ်ကူပါဘူး။ ဒီတော့ မော်ဒယ်လ်ဖြစ်ချင်တဲ့ မိန်းကလေးတွေက သူတို့ကို ပံ့ပိုးဖို့ ခိုင်မာတဲ့ စပွန်ဆာတွေကို ရှာကြရပါတယ်။ ရိုးရိုးရှာသလား၊ ဆန်းဆန်းရှာသလား ဆိုတာကတော့ ရှာတဲ့သူ၊ ပေးတဲ့သူတွေနဲ့ပဲ သက်ဆိုင်ပါတယ်။
လွန်ခဲ့တဲ့ တနှစ်နီးပါးလောက်က ဟန်းဖုန်းကဘယ် Brand၊ ဘယ်လောက်တန်၊ အဝတ်အစားက Branded ကို ဘယ်လို Set လိုက် ဝယ်ဝတ်တယ်၊ ဈေးတခါဝယ်ရယ် ဒေါ်လာ ၉ သောင်းနဲ့ ၁ သိန်းကြား သုံးဖြစ်တယ်၊ ကားကတော့ ဘယ့်နှယ်၊ ပစ္စည်းတွေများရင် မဆန့်လို့ မာစီးဒီး ထပ်ဝယ်လိုက်ပြီ၊ ညနေ လေညင်းခံ ထွက်ချင်ရင်တော့ အမိုးဖွင့်လိုရတဲ့ စီလီယာ တူးဒိုးလေးပါ ထပ်ဝယ်လိုက်တယ် စသည်ဖြင့် ပြည်တွင်းက ဂျာနယ်တွေမှာ ဖြေကြားခဲ့တဲ့ မော်ဒယ်လ် ရွှေစင် ဆိုတာကို လူသိများသွားပါတယ်။
မန္တလေးသူ မော်ဒယ်လ် ရွှေစင်ရဲ့ အဖြေစကားတွေကြောင့် သတင်း လောကသားတွေအကြားမှာ သူ့စပွန်ဆာ ဘယ်သူလဲ ဆိုတာကို သိချင်လာကြသလို၊ မော်ဒယ်လ် အချင်းချင်း ကြားမှာ မျက်စိစပါးမွှေး စူးစရာ၊ အားကျစရာ၊ လက်တို့ အတင်းပြောစရာ ဖြစ်လာပါတယ်။
ဒေါ်လာကိုင် သောင်းနဲ့၊ သိန်းနဲ့ချီပြီး ဈေးဝယ်ထွက်နိုင်တဲ့ သူဖြစ်တဲ့အတွက် ဘယ်လိုအသိုင်းအဝန်းနဲ့ နီးစပ်နိုင်တယ်၊ သူ့စပွန်ဆာက မြန်မာပြည်မှာ အချမ်းသာဆုံးစာရင်းဝင် ဖြစ်မယ် အစရှိသဖြင့် ဝေဖန်သံတွေ၊ စူးစမ်းသံတွေ ဆူညံခဲ့ပေမယ့် ရွှေစင့်စပွန်ဆာ ဘယ်သူဆိုတာတော့ တိတိကျကျ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ လူတွေကလည်း သူ့အနုပညာထက် သူ့အဖြေထဲက ဒေါ်လာသိန်းနဲ့ ချီတဲ့ စကားလုံးတွေကိုပဲ စိတ်ဝင်စားပုံရတယ်၊ သူ့အကြောင်းက အဲဒီကာလမှာ လှုပ်လှုပ် ခတ်ခတ် ဖြစ်သွားပေမယ့် နောက်ပိုင်း ငြိမ်သက်သွားပါတယ်။
မကြာသေးတဲ့ အချိန်ကတော့ လာမယ့် ၂၀၁၂ ခုနှစ်အတွက် ပြက္ခဒိန်အများဆုံး ရိုက်ရတဲ့ မော်ဒယ်လ် ရွှေစင်ဆိုပြီး ပြည်တွင်းထုတ် First Music ဂျာနယ်မှာ ရေးသားထားတာ တွေ့ရပါတယ်။
ထူးခြားတာကတော့ သူ့ကို အနုပညာ အကြံပေးချင်တယ်ဆိုရင် ရန်ကုန်လိပ်စာကို ပေးပို့ပါလို့ ရွှေစင်က ဆိုထားပါတယ်။
သူ့လိပ်စာကတော့ လူချမ်းသာတွေ အများဆုံးနေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ ဖြစ်ပါတယ်။
သူ့ကို စပွန်ဆာ အခိုင်ဆုံး မော်ဒယ်လ်လို့ တံဆိပ်ကပ်ရမလား၊ တချို့တချို့တွေ ပြောနေကြသလို အကြွားဆုံး မော်ဒယ်လ် လို့ပဲ တံဆိပ်ကပ်ရမလား၊ ၂၀၁၁ ခုနှစ်ကလည်း ကုန်ခါနီးနေပြီ ဆိုတော့ ဒီနှစ်အတွက် ဘာအဖြစ်ဆုံး၊ ညာအဖြစ်ဆုံး ဆိုတာတွေကို ဂျာနယ်တွေက ကောက်နုတ် ဖော်ပြတော့မှာ ဖြစ်တဲ့အတွက် ရွှေစင့်အကြောင်း လက်တို့တာပါ။