မကွေးတိုင်း ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူ မြို့နယ်များရှိ ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် အကူအညီများ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း စသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာတချို့ပျက်စီးကာ လူပေါင်း၂၀၀ နီးပါး သေဆုံးကာ လူ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ထို့အပြင် စပါး၊ ကြက်သွန်၊ ပဲစင်းငုံ စသည့် စိုက်ခင်းများလည်း ပျက်စီးခဲ့သည်။
ပခုက္ကူမြို့၌လည်း ရွှေချောင်းတံတား ကျိူးသွားပြီး ချောင်း အနီးရှိ လူနေအိမ်ခြေများ ရေထဲမျောကာ လူ ၁၀၀ ကျော် သေဆုံး ခဲ့သည်။
ယခုအခါ ဒုက္ခသည်အိမ်ထောင်စု ၅၀၀ကို ဒေသအာဏာပိုင်များက ပခုက္ကူမြို့ လေယာဉ်ကွင်းအနီး ရွက်ဖျင်တဲများထိုးပြီး နေရာချ ထားပေးခဲ့သော်လည်း ပြန်လည်ထူထောင်ရေးအတွက်မူ ခက်ခဲလျက်ရှိသေးကြောင်း ပခုက္ကူမြိုခံ ဦးလှိုင်အေး ကပြောသည်။
“အစိုးရကတော့ မြေနေရာပေးမယ်ပြောတယ်၊ အခုထက်ထိတော့ မရသေးဘူး၊ အစားအသောက်နဲ့ဆန်ကတော့ အစိုးရကရော အလှူရှင်တွေကပါ ဝေနေတယ်၊ ဒါပေမယ့် ရေရှည်မလွယ်ဘူး”ဟု ၎င်းကဆိုသည်။
စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက်မူ ခက်ခဲနေသေးကြောင်း၊ အများအားဖြင့် ကြက်သွန်စိုက်ခင်းများနှင့် သို လှောင်ထားသည့် ကြက်သွန်မျိုးများ ပျက်စီးသွားသည့်အတွက် စီးပွားရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲလျက်ရှိသေးကြောင်း ဦးလှိုင်အေးက ဆက်ပြောသည်။
ရွှေချောင်းကိုလည်း ယာယီဘေလီတံတား ဆောက်လုပ်ကာ ယာဉ်ငယ်များ သွားလာစေပြီး ယာဉ်ကြီးများကို ချောင်းအတွင်းမှသာ သွားလာစေသည်ဟု သိရသည်။
ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပခုက္ကူတပ်နယ်မှ တပ်မတော် သားများက အိမ်ရာများ ဆောက်လုပ်ပေးနေကြောင်း ရေးသားထားသည်။
အလားတူ ပေါက်မြို့နယ်အတွင်းရှိ ကျောချောင်း၊ ယောချောင်းတလျှောက်ရှိ ရေဘေးသင့်ကျေးရွာပေါင်း ၅၆ ရွာရှိပြီး သေဆုံးသူ စုစုပေါင်း၂၁ ဦးရှိကြောင်း သိရသည်။
ရေဘေးဒဏ် ဆိုးရွားစွာခံရသည့် ကျွန်းရင်းရွာ၊ တံစူး၊ ချောင်းနား၊ ရေပြာ၊ မင်းကိုင်း၊ ညောင်ဝန်းပေါက် စသည့်ကျေးရွာများတွင် အစိုးရက တအိမ်ထောင်တွင် ကျပ် ၅သောင်းနှုန်း၊ သေဆုံးသူများကိုမူ လူကြီးတဦးလျှင် ကျပ် ၁သိန်း၊ ကလေးတဦးလျှင် ကျပ် ၅ သောင်းနှုန်း ထောက်ပံကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ကျေးရွာများသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ကိုရဲထွန်းက“အကူအညီကတော့အများကြီးပဲလို တယ်၊ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့တော့ ဘာမှအကူအညီပေးတာမရှိသေးဘူး၊ ကြက်သွန်ကုမ္ပဏီတခုကတော့ ငွေချေးမယ်ပြော တယ်၊ မလာသေးဘူး”ဟု ဆိုသည်။
လောလောဆယ်တွင် NGO အဖွဲ့များဖြစ်သည့် အော့စ်ဖန်း၊ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့(WFP)၊ ဂျာမနီအခြေစိုက် အကူအညီပေးရေး အဖွဲ့ GR ၊ မြန်မာလူမှု အဖွဲ့အစည်းများ ဖြစ်သည့် ဦးကျော်သူ၏ နာရေးကူညီမှု အသင်း၊ ဆရာတော် ဦးသုမင်္ဂလာအဖွဲ့နှင့် တခြား သော ကူညီရေးအဖွဲများ လာရောက်ကြောင်း ကိုရဲထွန်းက ဆက်လက်ပြောပြသည်။
ယခုအခါ အစိုးရက ချောင်းနံဘေးရှိ ရွှေ့ပြောင်းရန် သင့်လျော်သည့် တံစူး၊ ကျွန်းရင်း၊ ချောင်းနား၊ ရေပြာကျေးရွာများအား ချောင်း နံဘေးမှ ရွှေ့ပြောင်းစေကာ မျော၊ ဝါးတို့ဖြင့် အိမ်များ ပြန်လည်တည်ဆောက်ပေး နေကြောင်း သိရသည်။