ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ် ၁၉ ခုလုံးကို နိုင်ငံခြားငွေလဲ စင်တာပေါင်း ၅၀ ဖွင့်ခွင့်ပေးလိုက်ပြီဖြစ်သော်လည်း ကန့်သတ်ချက် များသောကြောင့် ငွေလဲလုပ်ငန်းများ အဆင်မပြေလှကြောင်း ရန်ကုန်မြို့ရှိ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးအသိုင်းအဝိုင်းမှ သတင်းရရှိသည်။
“ပုဂ္ဂလိက ဘဏ်တွေအားလုံးကို Money Changer(ငွေလဲစင်တာ)လိုင်စင်ပေးလိုက်ပေမယ့် ကန့်သတ်ချက်တွေက ပိုပြီးတင်း ကျပ်တယ်။ အထောက်အထား အပြည့်အစုံ ရှိပါစေဦးတော့၊ ငွေလဲစင်တာမှာ နိုင်ငံခြားငွေလာရောင်းတဲ့ ပမာဏက ရာဂဏန်း လောက်ပဲ ခွင့်ပြုတဲ့အတွက် လူအတော်ကိုပါးတယ်။ အလုပ်သိပ်မဖြစ်လှဘူး”ဟု မြဝတီဘဏ် နိုင်ငံခြားငွေလဲစင်တာမှ တာဝန် ရှိသူ တဦးက ပြောသည်။
နိုင်ငံခြားငွေလဲလှယ်ရေး စင်တာများတွင် လာရောက်ငွေလဲလှယ်မည်ဆိုပါက နိုင်ငံခြားငွေမည်သို့ ရရှိလာသည်ဆိုသော ဝင်ငွေရလမ်းဖော်ပြသည့် သက်သေခံအထောက်အထား၊ မှတ်ပုံတင်၊ နေရပ်လိပ်စာများအပါအဝင် အထောက်အထားများ တင်ပြရ
ကြောင်း၊ အထောက်အထားပြည့်စုံသည့်တိုင် လူတဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀(သို့မဟုတ်) FEC ၃၀၀ သာရောင်းချခွင့်ပြု သဖြင့် ပြင်ပဈေးကွက်တွင်သာ ငွေအလဲအလှယ်လုပ်ငန်း အဆင်ပြေကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက ပြော ဆိုသည်။
ငွေလဲစင်တာများတွင် နေ့စဉ်ရောင်းချသော နှုန်းထား၊ လူတဦးလျှင် ရောင်းဝယ်ပြုခွင့်သည့်ပမာဏ အပါအဝင် စည်းကမ်း သတ် မှတ်ချက်များကို ဗဟိုဘဏ်က တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်ထားပြီး နေ့စဉ်အစည်းအဝေးများ ကျင်းပကာ ညွှန်ကြားချက်များ ချမှတ်ပေးလျက်ရှိကြောင်းလည်း သိရှိရသည်။
ပြင်ပငွေလဲဈေးကွက်တွင် အကန့်အသတ်မရှိ ငွေလဲလှယ်ရောင်းဝယ်နိုင်သောကြောင့် ပုံမှန်အတိုင်းဈေးကွက် လည်ပတ်လျက်ရှိပြီး ငွေလဲလှယ်နှုန်းထားမှာ တရားဝင်ငွေလဲစင်တာများထက် အနည်းငယ်လျော့နည်းကြောင်း ပြင်ပငွေလဲဈေးကွက်မှ စီးပွားရေး သမားတဦးက ပြောသည်။
“ဘဏ်တွေက ဖွင့်ထားတဲ့ ငွေလဲဌာနတွေရဲ့ငွေလဲနှုန်းက အပြင်ကငွေလဲနှုန်းထက် နည်းနည်းပိုများတယ်။ ဥပမာ-ငွေလဲ ကောင် တာမှာ အမေရိကန်တဒေါ်လာကို ၇၇၅ ကျပ်ဝယ်ရင် အပြင်ဈေးကွက်မှာ တဒေါ်လာကို ၇၆၅ ကျပ်ပဲရတယ်။ အပြင်ဈေးကွက်
ငွေလဲနှုန်းက ဘဏ်ငွေလဲကောင်တာ ငွေလဲနှုန်းထက် နည်းတယ်။ ဒါပေမယ့် ဘဏ်ကောင်တာတွေလို ကန့်သတ်ချက်မရှိတဲ့ အတွက် အများကြီးအဆင်ပြေတယ်။ မှတ်ပုံတင်မလိုဘူး။ အထောက်အထားမလိုဘူး။ အစစ်အဆေး အမေးအမြန်း မရှိတဲ့ အတွက် ရောင်းသူ ဝယ်သူတွေအားလုံး အပြင်ဈေးကွက်ကိုပဲ လာကြတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားငွေလဲကောင်တာများ ဖွင့်လှစ်ခွင့်ရထားသော ပုဂ္ဂလိကဘဏ်တခုမှ အုပ်ချုပ်မှုဒါရိုက်တာတဦးက နိုင်ငံခြားငွေလဲစင် တာများတွင် နိုင်ငံခြားငွေရောင်းချသူသာများပြားပြီး ပြန်လည်ဝယ်ယူသူ နည်းပါးခြင်းကြောင့် နိုင်ငံခြားငွေ ရောင်းချမှုကို ကန့်သတ် လိုက်ရခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ရှင်းပြသည်။
“အောက်တိုဘာ ၁ ရက်နေ့ ငွေလဲကောင်တာတွေ စဖွင့်ကတည်းက လာရောင်းတဲ့သူတွေက အများစု။ ငွေလဲကောင်တာ တွေ က တနေ့ကို နိုင်ငံခြားငွေ ကျပ်ငွေတန်ဖိုး သိန်းရာထောင်ချီ ဝယ်ခဲ့ရတယ်။ အဲဒီပုံစံအတိုင်း ဆက်ဝယ်သွားရင် ဘဏ်တွေ ငွေကြေး အကျပ်အတည်းဖြစ်နိုင်လို့ ဝယ်တာတွေ ကန့်သတ်လိုက်ရတာ။ နောက်ပြီး ဒေါ်လာတန်ဖိုးက တနေ့ထက်တနေ့ ပိုကျလာတော့ ဘဏ်တွေအရှုံးပေါ်တယ်”ဟု အဆိုပါ ပုဂ္ဂလိကဘဏ် အုပ်ချုပ်မှုဒါရိုက်တာ က ပြောသည်။
ရန်ကုန်မြို့သိမ်ဖြူ ဆိပ်ကမ်းတွင် ဖွင့်လှစ်ထားသော ငွေလဲစင်တာ ၆ ခု၏ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ နိုင်ငံ ခြားငွေဝယ်ယူရရှိမှုမှာ ကျပ် ၃၃ ဘီလီယံဖိုးခန့် ရှိကြောင်း ပြည်တွင်းထုတ် 7day news ဂျာနယ်တွင်လည်း ရေးသားထားသည်။
အောက်တိုဘာလ ၁ ရက်နေ့ ငွေလဲစင်တာများ စတင်ဖွင့်လှစ်ချိန်က ငွေလဲစင်တာများ၌ အမေရိကန်တဒေါ်လာ ဝယ်ဈေး ၈၃၀ ကျပ်၊ ရောင်းဈေး ၈၃၅ ကျပ်ရှိခဲ့ပြီး ယခုနိုဝင်ဘာ ၁၄ ရက်နေ့တွင် တဒေါ်လာ ဝယ်ဈေး ၇၇၅ ကျပ်၊ ရောင်းဈေး ၇၈၂ ကျပ် သာ ရှိသည်။
ပြင်ပဈေးကွက်တွင်မူ အမေရိကန်တဒေါ်လာ ၇၇၀ ကျပ်ဝန်းကျင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
အစိုးရက ငွေလဲနှုန်းထားပြောင်းလဲ ပြင်ဆင်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် ကဲ့သို့သော အဖွဲ့အစည်းများထံမှ အကူအညီများ တောင်းခံထားရာ အဆိုပါအဖွဲ့များမှ ကိုယ်စားလှယ်များ အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့သည်။ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း၌ ထပ်မံလာရောက်ဦးမည်ဟု အစိုးရ မီဒီယာ များက သတင်း ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်သည် အောက်တိုဘာ၁ ရက်နေ့တွင် ကမ္ဘောဇ ဘဏ်၊ CB ဘဏ်၊ အင်း၀ ဘဏ်၊ မြဝတီ ဘဏ်၊ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် စုစုပေါင်း ဘဏ် ၆ ခုကို နိုင်ငံခြားငွေ လဲလှယ်ခွင့်စင်တာများ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် ပုဂ္ဂလိကဘဏ် ၁၉ ခုစလုံးကို ငွေလဲစင်တာ ဖွင့်လှစ်ခွင့် လိုင်စင်များ ထပ်မံချပေးခဲ့သည်။
ငွေလဲစင်တာများတွင် အစိုးရက လဲလှယ်ခွင့်ပြုထားသော ငွေအမျိုးအစားများမှာ FEC အပါအဝင် အမေရိကန်ဒေါ်လာ၊ ယူရို နှင့် စင်ကာပူ ဒေါ်လာတို့ ဖြစ်ကြောင်း သိရသည်။