ရခိုင်ပြည်နယ်၊ မင်းပြားမြို့၏ မြို့မဈေးကြီး စနေနေ့ညက မီးလောင်ကျွမ်းသွားသဖြင့် မြို့အတွင်း ကုန်ဈေးနှုန်း နှစ်ဆ ခုန်တက်သွားကြောင်း သိရသည်။
“မီးမလောင်ခင်ညက ကွမ်းတပိဿာကို ၆၀၀၀ ကျပ်ပဲ ရှိပါတယ်၊ မီးလောင်ပြီး နောက်ရက်မှာ တပိဿာကို ကျပ် ၁၅၀၀၀ အထိ ဈေးတက်သွားပါတယ်” ဟု မင်းပြားမြို့ခံတချို့က ပြောသည်။
အသီးအရွက် အပါအဝင် စားသောက်ကုန်များလည်း ဈေးနှစ်ဆ တက်သွားသည်ဟု ၎င်းတို့က ပြောသည်။
အခိုင်အခန့် တည်ဆောက်ထားသည့် ဆိုင်ခန်း ၅၇၂ ခန်း နှင့် ပျံကျဈေးဆိုင်များ စုစုပေါင်း ဆိုင်ခန်း ၁၂၇၂ ခန်း မီးလောင်သွားခဲ့ကြောင်း သိရသည်။
ဆိုင်ခန်းတခုစီ၏ ကုန်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ အနည်းဆုံး ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ထိ ရှိသည်ဟု မြို့ခံများက ပြောသည်။ ဆုံးရှှုံးမှု ကျပ်သိန်းပေါင်း တသိန်းကျော်ဖွယ်ရှိသည်ဟု မင်းပြားမြို့ခံများက တွက်ချက်နေကြသည်။
ခဲနေသော စားအုန်းဆီအား အပူပေး အရည်ဖျော်ပြီး ကျန်ရစ်သည့် မီးကြွင်း၊ မီးကျန်မှ စတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်း၊ မြောက်ဦးမြို့မှ မီးသတ်မော်တော်ယာဉ် ၂ စီး၊ မင်းပြား စည်ပင်သာယာ၏ ရေသယ်ယာဉ် ၁ စီး တို့ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောသည်။
“မင်းပြားမြို့မီးသတ်ဌာနမှာ ကား တစီးပဲရှိတာက ပျက်နေပါတယ်၊ မြောက်ဦးမြို့က မီးသတ်ကား ၂ စီး ရောက်လာတဲ့အချိန်မှာတော့ ဈေးကြီးက ပြာကျနေပါပြီ၊ နေရာတချို့က ဒီနေ့အထိ မီးခိုးတွေ ထွက်နေဆဲပါ” ဟု ဈေးအနီးနေထိုင်သူ အမျိုးသမီး တဦးက ရှင်းပြသည်။
မင်းပြားဈေးသည် စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း စသည့် ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခဲ့သော ဈေးကြီးတခု ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်ကလည်း တကြိမ် လောင်ကျွမ်းခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။
ဤအတောအတွင်း မင်းပြားမြို့ ဓမ္မာရုံအနီး ယာယီဈေးတခု တည်ဆောက်ပေးရန် အာဏာပိုင်တို့က စီစဉ်နေကြောင်း၊ ဈေးသူ ဈေးသားများက ဆိုင်ခန်းများ ကိုယ်တိုင် ပြန်လည် တည်ဆောက်လိုသည်ဟု သိရကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP )၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုးက ပြောသည်။
“ကျေးရွာအုပ်စု ၆၄ ခုက ပြည်သူတွေက ဒီဈေးကြီးကို မှီခို စားသောက်နေကြတာပါ၊ ဆိုင်ခန်းတွေကို စည်ပင်သာယာက ဆောက်ပေးတာကို ယူမယ်ဆိုရင် လာဘ်ပေး၊ လာဘ်ယူမှုတွေရှိလာပြီး နေရာလုမှုတွေ ဖြစ်လာနိုင်လို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်ဆောက်ဖို့အတွက် ပုံစံသာ ဆွဲပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုနေကြတယ်” ဟု ဦးခိုင်ပြည်စိုးက ဧရာဝတီကို ပြောသည်။
ဒေသခံများ၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးနိုင်ရေး၊ မီးဘေးအန္တရာယ်ကြုံလာပါက မြန်ဆန်စွာ ကာကွယ်နိုင်ရေး အစီအမံများကို ပြည်နယ်အစိုးရနှင့် ညှိနှှိုင်းမည်ဟုလည်း ၎င်းက ဆိုသည်။
ဈေးကြီး မီးလောင်ပြီး နောက်တနေ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် မင်းပြားသို့ သွားရောက်ခဲ့သော်လည်း ဈေးသူ၊ ဈေးသားများနှင့် မတွေ့ဆုံနိုင်ရန် ဒေသခံအာဏာပိုင်များက လုပ်ဆောင်ခဲ့ကြောင်း မြို့ခံတချို့က ဆိုသည်။
“ဈေးထဲမှာ မီးသတ်ရေကန် ၄ ခု ရှိပေမယ့် ရေတစက်မှ မရှိတာတွေ၊ မီးသတ်ကား မရှိတာ၊ ဈေးအာဏာပိုင်တွေရဲ့ ဈေးထိန်းသိမ်းမှု ပျက်ကွက်နေတာတွေကို ဈေးသူ၊ ဈေးသားတွေက ဝန်ကြီးချုပ်ကို တင်ပြမှာကို မလိုလားတဲ့အတွက် အခုလို တွေ့ခွင့် မပေးတာလို့ ထင်ပါတယ်” ဟု အဝတ်အထည် ရောင်းချသည့် ဆိုင်ခန်းပိုင်ရှင် တဦးက ရှင်းပြသည်။
ပွင့်လင်းရာသီတွင် ရခိုင်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း၊ မီးသတ်ကား မလုံလောက်ခြင်း၊ ရေအလွယ်တကူ မရရှိခြင်းတို့ကြောင့် ဆုံးရှှုံးမှုများ ပိုမို ကြီးမားကြောင်း ဒေသခံများက ပြောသည်။
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာတွင်လည်း ယခုလ ၁ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၀၀ ဝန်းကျင် ပျက်စီး ဆုံးရှုံးသွားသည်။