တရားဥပဒေစိုးမိုးသော နိုင်ငံတနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။
“အရေးကြီးတဲ့ကိစ္စတခုက ဥပဒေစိုးမိုးရေးကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ပဲ ဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး တိုးတက်မှုအတွက်ပဲ ဖြစ်ဖြစ် ဥပဒေစိုးမိုးရေးမရှိရင် ခရီးရောက်မှာမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေ စိုးမိုးရေးရှိတဲ့ နိုင်ငံမှာ မရှိပါဘူး” ဟု သူက ဆိုသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ကျင်းပသော ၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီလမ်းမပေါ် လျှောက်လှမ်းရာတွင် ဥပဒေစိုးမိုးရေး၊ လွတ်လပ်သန့်ရှင်းသော တရားစီရင်ရေး မဏ္ဍိုင်ရှိရေး၊
ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး အဓိက လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အလေးအနက် ပြောဆိုလိုက်သည်။
ဆက်လက်၍ ၎င်းက စီးပွားရေးနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ လာရောက်စေချင်သည်ဆိုလျှင် ဥပဒေစိုးမိုးရေး
လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက နိုင်ငံတွင် ဥပဒေစိုးမိုးရေးရှိ၊ မရှိ သေသေချာချာ စဉ်းစားပြီးမှ ဝင်ရောက်လာမည် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတိုးတက်ရန် စိတ်ချလုံခြုံမှု ရှိရေးအတွက် ဥပဒေစိုးမိုးရေး ရှိရမည်ဖြစ်ကြောင်း ပြောသည်။
“ဥပဒေ စိုးမိုးဖို့ဆိုရင် လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိရမယ်၊ သန့်ရှင်းရမယ်။ အဲဒီလို တရားရေး မဏ္ဍိုင်မရှိရင်
ကျမတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိနိုင်မှာ မဟုတ်ဘူး။ အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ ကျမ မြင်ပါတယ်။ ဥပဒေစိုးမိုးရေးက
ဒီမိုကရေစီအတွက် မရှိအဖြစ် ရှိရမယ့်ကိစ္စ၊ ဒီမိုကရေစီ အဆောက်အအုံ ခိုင်မာဖို့ဆိုရင် လွတ်လပ်သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ရှိရမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က NLD သည် နှစ်ပေါင်း ၂၀ ကျော်ကြာအောင် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်၊ အကြမ်းမဖက်ရေး လမ်းစဉ်များကို တလျှောက်လုံး ကိုင်စွဲလာခဲ့ပြီး ယခုလည်း အဆိုပါ လမ်းစဉ်ကိုပင် ဆက်လက် ကိုင်စွဲထားကြောင်း၊ ယနေ့ အချိန်အခါတွင် မြန်မာပြည်အနေဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်နေသော်လည်း ပြည်သူအများစု လုံလောက်ကျေနပ် နိုင်လောက်သည့် ဒီမိုကရေလမ်းပေါ်သို့ မရောက်ရှိသေးကြောင်း သူကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေးအတွက် လျှောက်လှမ်းနေသော လမ်းစဉ်အရ ပြည်သူပြည်သားများ ဖြစ်ကြသည့် တပ်မတော်သားများအနေဖြင့်လည်း ပြည်သူများနှင့်အတူ နိုင်ငံအကျိုးအတွက် ရည်ရွယ်ပြီး လက်တွဲ လျှောက်လှမ်း ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
တပ်မတော်သည် ပြည်သူပြည်သားများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သောကြောင့် ပြည်သူများ လျှောက်လှမ်း နေသော ဒီမိုကရေစီလမ်းစဉ်တွင် အတူတကွလက်တွဲ မလျှောက်နိုင်စရာ အကြောင်းမရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေး အတွက် ပြည်သူနှင့်တပ်မတော် လက်တွဲလျှောက်လှမ်း သွားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“တပ်မတော်သားတွေ အားလုံးကလည်း ပြည်သူတွေပဲ။ ကျမတို့ အားလုံးကလည်း ပြည်သူတွေပဲ။ ပြည်သူအချင်းချင်း ဘာဖြစ်လို့ ဒီနိုင်ငံရဲ့ ကောင်းကျိုးအတွက် လက်တွဲမလုပ်နိုင်ရမှာလဲ။ လုပ်နိုင်ရမှာပေါ့” ဟု သူက ဆိုသည်။
၎င်း လွတ်မြောက်လာသည့် တနှစ်အတွင်း မြန်မာပြည်အနေဖြင့် တိုးတက်မှုများ ရှိခဲ့သော်လည်း မလုံလောက်သေးကြောင်း ဆက်ပြောသည်။
“လုံလောက်တယ်၊ ကျေနပ်လောက်တယ်ဆိုတဲ့ စကားကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်တယ်၊ ကျေနပ်တယ် ဆိုတာက ထပ်ပြီးတော့ လုပ်ဖို့ မလိုအပ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ လုပ်စရာတွေက အများကြီး ရှိပါသေးတယ်။ အပြုသဘောဆောင်တဲ့ အမြင်တွေလည်း လိုပါတယ်။ အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့အချိန်မှာ
ပြောင်းလဲသင့်တယ်။ ကျမတို့က ယုံကြည်ချက်ပေါ်မှာ အခြေခံပြီးတော့ စွန့်စားသင့်တဲ့အချိန်မှာလည်း စွန့်စားရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့မှသာ အားလုံး လိုချင်သည့် ဒီမိုကရေစီလမ်း ပွင့်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်း ပွင့်ပြီဟု အားလုံးက ယုံကြည် လက်ခံနိုင်သည့် အခြေအနေ မရောက်သေးကြောင်း၊ ထိုအခြေအနေအထိ ရောက်ရှိရန် အားလုံးဝိုင်းဝန်း ကြိုးစားဖို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသားများနှင့် အစိုးရအကြား သံသယများ ကင်းပျောက်ရန် လိုအပ်ပြီး အချင်းချင်း ယုံကြည်မှုရှိရန်လည်း လိုအပ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်ရန် အချိန်ယူရမည်ဖြစ်ကြောင်း သူက ဆိုသည်။
စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးမှာ အစိုးရအပေါ်တွင် အဓိက မူတည်ပြီး တိုးတက်မှုများ ရှိလာမှသာလျှင် စီးပွားရေး ပိတ်ဆို့ထားသော နိုင်ငံများက ပိတ်ဆို့မှုများကို ရုပ်သိမ်းနိုင်ကြောင်း၊ ပိတ်ဆို့မှုများ ရုပ်သိမ်းပြီးသွားသည့် အခြေအနေ ဖြစ်လာလျှင် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ
လွှတ်ပေးရမည် ဖြစ်ကြောင်း၊ NLD က ပြုစုထားသော စာရင်းများအရ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၅၉၁ ဦးရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး NLD က စုံစမ်းနေကြောင်း၊ အကျဉ်းသား
၂၀၀၀ ကျော် စာရင်းတွင် ပါဝင်သော တချို့ နိုင်ငံရေးအကျဉ်းသားများမှာ လွတ်မြောက်သွားပြီး ဖြစ်ကြောင်း၊ NLD ၏ နိုင်ငံရေး
အကျဉ်းသား စာရင်းနှင့် လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သော နိုင်ငံရေး အကျဉ်းသားစာရင်းမှာ ၂၀၀ ကျော် ကွာဟနေကြောင်း ရှင်းပြသည်။
NLD ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေးကို လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့ကျမှသာ တရားဝင်ပြောဆိုနိုင်မည် ဖြစ်သောကြောင့် ထိုနေ့ရလဒ်ကိုသာ စောင့်ဆိုင်းကြစေလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာများအား ပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ ပြီးနောက် လူမှုရေးလုပ်ငန်းများ၊ အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးများ ပြုလုပ်ခဲ့သည်။
၎င်း လွတ်မြောက်ပြီးနောက် နိုင်ငံတကာတွင်ပြုလုပ်သည့် အခမ်းအနားများ၌ ဗီဒီယိုမိန့်ခွန်း ပြောဆိုရာတွင် လည်းကောင်း၊ နိုင်ငံတကာ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းများတွင် လည်းကောင်း တရားဥပဒေစိုးမိုးရေး မည်မျှ အရေးကြီးကြောင်းကို ဆက်တိုက် ပြောဆိုခဲ့သည်။