ံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ ယခုရက်ပိုင်း လွတ်မြောက်လာနိုင်သည်ဆိုသည့် သတင်းများကြောင့် သက်ဆိုင်ရာ
အကျဉ်းသားမိသားဝင်စုများက မျှော်လင့်နေကြသည်။
ပြီးခဲ့သည့် စနေနေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယအကြိမ် သမ္မတဦးသိန်းစိန်သို့ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ နိုင်ငံတော် တည်ငြိမ်ရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးမည့် အန္တရာယ် မရှိနိုင်သော အကျဉ်းသားများကို ထပ်မံလွှတ်ပေးခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို တဖက်တလမ်းမှ အထောက်အကူဖြစ်စေမည်ဖြစ်၍ ပြစ်ဒဏ် အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် တင်ပြထားသည်။
သို့သော် ခြွင်းချက်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် လိုအပ်ချက်အရ လွတ်ငြိမ်းချမ်းသာခွင့် မပေးနိုင်သူ များကိုမူ မိသားစုနှင့် ဝေးလံသည့် အကျဉ်းထောင်များမှ သွားလာရလွယ်ကူသော အကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေးပါရန် တဆက်တည်း တင်ပြထားသည်။
ပဲခူးတိုင်း တောင်ငူမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဇော် ဇော်မင်း၏ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက“ဖအေချည်းပဲ လွတ်လာရင်လည်း ပျော်ရမှာမဟုတ်ဘူး၊ သားအဖ နှစ်ယောက်စလုံးပါမှ၊ ရင် တထိတ်ထိတ်နဲ့ပဲ စောင့်နေရတာ”ဟု ဆိုသည်။
ကိုဇော်ဇော်မင်း၏ ကျန်းမာရေးအခြေအနေမှာ ရာသီဥတုဒဏ်ကြောင့် ကိုယ်လက်ကိုက်ခဲကာ ဖျားနာခြင်း မကြာခဏဖြစ်ကြောင်း ဒေါ်ဌေးဌေးဝင်းက ဆက်လက်ပြောသည်။
ကိုဇော်ဇော်မင်းသည် သာယာဝတီထောင်တွင်း၌ သေဆုံးသွားသည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ထီးလင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်း၏သားဖြစ်ပြီး ၎င်း၏သားဖြစ်သူ ဒီငြိမ်းလင်းမှာလည်း စစ်ကိုင်းတိုင်း မုံရွာထောင်တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံ နေရသည်။
အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ကိုမင်းဇေယျာ၊ ကိုလှမျိုး နောင်၊ ကိုအောင်သူ စသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပါဝင်နိုင်သည်ဟု ထင်ကြေးပေးပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ)အဖွဲ့ဝင် ကိုစည်သူမောင်၏မိခင် ဒေါ်နုနုဆွေက“ထူးထူး ခြားခြားတော့မရှိဘူး၊ စောင့်နေကြတာပဲ၊ သိပ်မမျှော်လင့်ဖို့တော့ သားကပြောထားတယ်၊ မိဘတွေခံစားရမှာစိုးလို့ပါတဲ့”ဟု ဆိုသည်။
ယနေ့တွင် မြန်မာ့ရုပ်မြင်သံကြားမှ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် နိုင်ငံရေးအကျဉ်း သားမိသားစုများ အချင်းချင်း တယ်လီဖုန်းဖြင့် အပြန်အလှန်ဆက်သွယ်ကာ သတင်းဖလှယ်နေရကြောင်း ဒေါ်နုနုဆွေကဆက် လက်ပြောသည်။
ကိုစည်သူမောင်နှင့်ဖခင် ဦးပီတာသည် ၂၀၀၇ ရွွှေဝါရောင်တော်လှန်ရေး အပြီးတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ဦးပီတာမှာ ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က ထုတ်ပြန်သည့် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅နှစ် ကျခံနေရသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကမူ“မမျှော်လင့်ပါဘူး၊ မှန်းဆလို့ မရတဲ့အရာတွေ၊ ဖြစ်ချင်မှလည်းဖြစ်နိုင်မှာ”ဟုဆိုသည်။
အမျိုးသားလူအခွင့်အရေးကော်မရှင်၏ တင်ပြချက်တွင်ပါဝင်သည့် ရပ်ဝေးတွင်ရောက်ရှိနေသည့် အကျဉ်းသားများကို မိသားစုနှင့် နီးသည့် အကျဉ်းထောင်များထားရန် စီစဉ်ခြင်းနှင့် ပတ်သက်၍မူ ထူးခြားသည့် ဖြစ်စဉ်ဟု မယူဆကြောင်း ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ လက်ရှိ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၁၆၆၈ ဦး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၅၀၀ ခန့်ရှိပြီး ၂၀၀ ကျော် လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ယမန်နေ့ထုတ် အစိုးရ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းကျွတ် လပြည့် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်း သား ၆၃၅၉ ဦးကို လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ပါဝင်ခဲ့သည်။