ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ နေထိုင်သည့် နေအိမ် တအိမ်တွင် ယမန်နေ့ ည ၈နာရီခွဲ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁၀ဦး သေဆုံး၍ တချို့ဒဏ်ရာရရှိသွားကြောင်း ဒေသခံများကပြောသည်။
ပေါက်ကွဲမှုကြောင့် အနီးရှိ နေအိမ် ၃ လုံးခန့် မီးလောင်ပျက်စီးသွားကြောင်းလည်း သိရသည်။
“မိဘမဲ့ ကလေးတွေနဲ့ တည်ထောင်ထားတဲ့ ဘင်ခရာတီးဝိုင်း ပေါ့နော်၊ အဲဒီက ကလေး ၁၀ ယောက် သေသွားတယ်”ဟု မြစ်ကြီးနားမြို့မှ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။
ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဒဏ်ရာရရှိသူတချို့ မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ဆေးရုံဝန်ထမ်း အမျိုး သမီးတဦး ပြောပြချက်အရ ဗုံးဒဏ်ရာကြောင့် ရောက်ရှိလာသည့် လူနာအများစုမှာ ကျောင်းနေအရွယ် ကလေးများ ဖြစ် ကြောင်း၊ ခန့်မှန်းခြေ ဦးရေ ၂၀ ခန့် ရှိကြောင်း ၎င်းက ပြောသည်။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိ ပေ။
ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌ ဟောင်း ဒေါက်တာတူးဂျာကမူ အပစ်အခတ်ရပ်စဲရေး မလုပ်သည့် အတွက် ယခုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဘယ်သူက လုပ်လိုက်တယ်ဆိုတာတော့ ဘယ်သူ ကမှ အတိအကျမသိဘူး၊ ကျနော် ပြောချင်တာက စစ်ဖြစ်နေတဲ့ အတွက် ကြောင့် ဒီလိုမျိုးဖြစ်ရတာပါလို့၊ ကျနော် ပြောချင်တာ အဲဒါပဲ”ဟု ၎င်းက ဆိုသည်။
ဒေါက်တာ တူးဂျာသည် ၂၀၁၀ ရွေကောက်ပွဲတွင် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင် ရန် အစိုးရထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သူလည်း ဖြစ်သည်။
KSPP သည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြီးခဲ့သည့်နှစ် ဧပြီလ ၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင် ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခု အချိန်အထိ အစိုးရအာဏာပိုင်များက ခွင့်ပြုချက် မချပေးသေးချေ။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။ ထိုဒေသတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ လှုပ်ရှားနေကြသည်။
ဤအတောအတွင်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တို့တွင်လည်း ဗုံပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း သိရသည်။