ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသတွင် တပိုင်တနိုင် ရွှေတူးဖော်နေသည့် အောင်မြင်သာ စံပြကျေးရွာ ဒေသခံ ၁၁ ဦး ကို အစိုးရ အာဏာပိုင်များက အောက်တိုဘာ လကုန်ပိုင်းတွင် ဖမ်းဆီးခဲ့သည်။
အဖမ်းခံရသူများသည် မြစ်ဆုံ ရေကာတာစီမံကိန်းကြောင့် ယင်းဒေသမှ ပြီးခဲ့သည့်နှစ် မေလက အောင်မြင်သာ စံပြကျေးရွာသို့ ပြောင်းရွှေ့ခံထားရသူများ ဖြစ်ကြောင်း သိရသည်။
ယင်းဒေသခံများက သတ္တုတွင်း ဝန်ကြီးဌာန၊ ခါကာဘို ကုမ္ပဏီတို့ ပူးပေါင်း၍ ရွှေတူးဖော်လုပ်ငန်းများမှ စွန့်ပစ်ထားသည့် မြေဇာပုံ များတွင် ရွှေရှာဖွေနေစဉ် ဒေသခံ ရဲ အပါအဝင် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)၊ သစ်တောဦးစီးဌာနရှိ တာဝန်ရှိသူများက ဖမ်း ဆီးခဲ့ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့မှ မအားနန်က ဧရာဝတီသို့ ပြောသည်။
မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က အစိုးရခွင့်ပြုထားသည့် ကုမ္ပဏီမှလွဲ၍ ရွှေတူးဖော်နေသည့် ဒေသခံများကို လုပ်ကိုင်ခွင့်မပြုကြောင်း အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အဖမ်းခံရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။
တရားဝင် ရွှေတူးဖော်ရန် ခွင့်ပြုထားသည့် ခါကာဘို ကုမ္ပဏီမှလွဲ၍ တန်ဖဲမြစ်ဆုံ ဒေသတွင် ရွှေတူးဖော်နေသူများသည် သတ်မှတ် ထားသော လုပ်ငန်းခွင် နယ်နိမိတ်အတွင်းမှ မထွက်ခွာပါက တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ဦးငြိမ်းထွန်းကျော်၏ အမိန့်ထုတ်ပြန်စာတွင် ပါရှိသည်။
ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေးသော်လည်း မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ထိုအမှုနှင့်ပတ်သက်၍ ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ ထိန်းသိမ်းထားသူများကို မည်သည့်ပုဒ်မနှင့် တရားစွဲထားခြင်းကို မသိရှိ
ကြောင်း မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းမှ ရဲဝန်ထမ်းတဦးက ပြောဆိုသည်။
မအားနန်က“အစိုးရက ဧရာဝတီမြစ်ကို ကာကွယ်ဖို့ အတွက် တဖက်မှာ ပြောနေတယ်၊ ဒါပေမယ့် တချိန်တည်းမှာပဲ မြစ်ဆုံဒေသကို ကြီးမားတဲ့ ရွှေတူးဖော်မှုတွေလုပ်ပြီး ဖျက်ဆီးနေတယ်”ဟု ဆိုသည်။
အဖမ်းခံရသူများကို ပြန်လွှတ်ပေးရန် နိုဝင်ဘာလ ၄ ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးထံသို့ အသနားခံစာတင်ပြ တောင်းဆို ထားသော်လည်း ယခုအချိန်အထိ တုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။
ဝန်ကြီးထံသို့ ပေးသောစာတွင် အဖမ်းခံရသူများသည့် ရွှေတူးဖော်ရေး လုပ်ငန်းများဖြင့် ရပ်တည်၍ မိသားစုဝင်များ၏ ဝမ်းရေး အတွက် လုပ်ကိုင်နေရကြောင်း၊ နောက်နောင်တွင် ယခုကဲ့သို့ မဖြစ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။