ကရင်နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ မှခွဲထွက်ခဲ့သော ဗိုလ်မှူးစောဘိ ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ရင်းသည် ကရင် အမျိုးသား အစည်းအရုံး(KNU)၏ ဦးဆောင်မှုအောက်တွင် ရပ်တည်သွားမည်ဟု သိရှိရသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၇ တွင် နိုဝင်ဘာ ၁၃ ရက်နေ့က ပြုလုပ်သည့် KNU တာဝန် ရှိသူများနှင့် ဆွေးနွေးပွဲ၌ KNU ဦးဆောင်မှုကိုခံယူရန် ဗိုလ်မှူးစောဘိနှင့် တပ်ဖွဲ့ဝင်များက သဘောတူ လက်ခံခဲ့သည်ဟု KNLA တပ်မဟာ ၇ တပ်မှူး ဗိုလ်မှူးချုပ် စောဂျော်နီ က ပြောသည်။
၎င်းက“ဗိုလ်ဘိတို့ကို ကျနော်တို့ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးကြတယ်၊ DKBA ဆက်လုပ်မှာလား၊ အစိုးရနဲ့ပြန်ပေါင်းမှာလား ဆိုတော့ ဗိုလ်ဘိက DKBA နဲ့ ပြန်မပေါင်းချင်ဘူး၊ မြိုင်ကြီးငူဆရာတော်က အားကိုးလို့ရတဲ့ အနေအထားမရှိတော့ဘူး၊ အစိုးရနဲ့ကတော့ လုံး၀ ပြန်မပေါင်းတော့ဘူး၊ ရှေ့ဆက် KNU ရဲ့ဦးဆောင်မှုအောက်မှာပဲ နေတော့မယ်ပြောတယ်”ဟု ဗိုလ်မှူးချုပ်ဂျော်နီက ဧရာဝတီသို့ ပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် KNLA တပ်မဟာ ၁ တပ်မှူး ဗိုလ်မှူးချုပ် ကျော်လင်း၊ တပ်မဟာ ၇ တပ်မှူး ဗိုလ်မှူးချုပ် ဂျော်နီနှင့် KNU သထုံ ခရိုင် ဥက္ကဌ ပဒိုစောပယ်နိုနှင့် ဘားအံခရိုင် ဥက္ကဌ ပဒို စောအောင်မော်အေး တို့ ပါရှိသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ ၏ တပ်ရင်းမှူး ဗိုလ်မှူးစောဘိ ဦးဆောင်သည့် အင်အား ၁၅၀ ခန့်ရှိသော တပ်ဖွဲ့ဝင်များသည် တပ်တွင်း အုပ်ချုပ်ပုံအဆင့်ဆင့် ယိုယွင်းမှုများကို မကျေနပ်သောကြောင့် ဆန္ဒပြ ခဲ့ကြပြီးနောက် လွန်ခဲ့သည့်မေလက စတင်၍ တပ်မှခွဲထွက်ပြီး DKBA အဖြစ်ရပ်တည်ကာ KNLA နှင့် နားလည်မှုရယူခဲ့ပြီး အစိုးရကို ပြန်လည် တိုက်ခိုက်ခဲ့သည်။
ယခုလ ၃ ရက်နေ့က ဘားအံမြို့တွင် ကရင်ပြည်နယ်အစိုးရနှင့် ယာယီအပစ်အခတ်ရပ်စဲခဲ့သည့် ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA ကလို့ထူးဘော အဖွဲ့တွင် ဗိုလ်မှူးစောဘိ၏ တပ်ဖွဲ့ကို ကလို့ထူးလားဗျူဟာ အဖြစ် တာဝန်ပေးအပ် ထား သည်ဟု DKBA ဘက်က ပြောသည်။
ဗိုလ်မှူးစောဘိနှင့် တပ်ဖွဲ့ဝင်များ ယမန်နေ့က KNLA အဖွဲ့နှင့် ပြန်လည်ပူးပေါင်းသည့်ကိစ္စကို မိမိတို့မသိရှိရသေးကြောင်း၊ ဖြစ်နိုင် ခြေမရှိကြောင်းနှင့် တစုံတရာမှားနေသည်ဟု ထင်မြင်ယူဆကြောင်း DKBA ကလို့ထူးဘော အဖွဲ့က ပြောသည်။
ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA ကလို့ထူးဘော အဖွဲ့သည် နိုဝင်ဘာ ၃ ရက်နေ့က ဦးသိန်းဇော် ခေါင်းဆောင် သည့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားသည်။
ယမန်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲကာလမှစတင်၍ ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA အဖွဲ့သည် နယ်ခြားစောင့်ဖွဲ့စည်းရေးကို လက်မခံခဲ့ဘဲ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်များကို တိုက်ခိုက်နေခဲ့သည်။
၂၀၁၀ ပြည့်နှစ် သြဂုတ်လ အတွင်းက အင်အား၂၀၀၀ ဝန်းကျင်ရှိ DKBA တပ်ရင်း ၁၀ ရင်းခန့်သည် နယ်ခြားစောင့်တပ် အဖြစ် စတင် အသွင်ပြောင်းခဲ့သည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
ယခု KNUဦးဆောင်မှုအောက်၌ ရပ်တည်သွားမည်ဟူသော သတင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန်အတွက် ဧရာဝတီက ဗိုလ်မှူးစောဘိကို ဆက်သွယ်၍ မရရှိသေးပေ။
KNU သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ၇ ဦးပါဝင်သည့် ငြိမ်းချမ်းရေး ကိုယ် စားလှယ် အဖွဲ့ကို ဖွဲ့စည်းထားသည်။
စက်တင်ဘာလအတွင်းကလည်း ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်နှင့်အဖွဲ့နှင့် ထိုင်း-မြန်မာ နယ်စပ် တနေရာ၌တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ဗဟိုအဆင့်နှင့်သာ တွေ့ဆုံလိုကြောင်း KNU က ပြောဆိုထားသည်။
KNU သည် နှစ်ပေါင်း ၆၀ ကျော် အစိုးရကို ဆန့်ကျင်တော်လှန်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။