မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ လတ်တလော လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ လွှမ်းမိုးနိုင်ရန် ကြိုးပမ်းမှု ဖြစ်သည်ဟု ရှှုမြင်သူများ ရှိသော်လည်း တချို့က နှစ်နိုင်ငံချစ်ကြည်ရေးကြောင့်ဟု သုံးသပ်ကြသည်။
တရုတ်နိုင်ငံက ဗုဒ္ဓမြတ်စွယ်တော်အား နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်ဟုဆိုကာ မကြာသေးမီက မြန်မာနိုင်သို့ ပင့်ဆောင်လာပြီး ပြည်သူများ ဖူးမျှော်နိုင်ရန် စီစဉ်ပေးထားသည်။
မြတ်စွယ်တော်ကို တရုတ်ပြည် ပြင်ပသို့ ၇ ကြိမ် ပင့်ဆောင်ခဲ့ရာ ၄ ကြိမ်မှာ မြန်မာပြည်သို့ ဖြစ်သည်ဟု တရုတ် သာသနာရေးဝန်ကြီး Mr. Wang Zuo An က ရှင်းပြခဲ့ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။
“မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား ညီရင်းအစ်ကိုလို ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြရာ ရောက်သလို ရေစက်ရှိလို့ ဒီလို ဆုံကြရတယ်လို့လည်း ပြောလို့ရပါတယ်” ဟု တရုတ် သာသနာရေးဝန်ကြီးက ဆိုသည်။
ဗုဒ္ဓစွယ်တော်သည် ဦးနုအစိုးရလက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၁၉၉၄၊ ၁၉၉၆ ခုနှစ် တို့တွင် ထပ်မံ ရောက်ရှိခဲ့သည်။
“တရုတ်ပဲဖြစ်ဖြစ်၊ အမေရိကန်ပဲ ဖြစ်ဖြစ်ပေါ့၊ နိုင်ငံကြီးတွေဟာ နိုင်ငံငယ်တွေ အပေါ်မှာ သူတို့ရဲ့ သြဇာရှိဖို့၊ လိုအပ်တဲ့အခါ အသုံးချနိုင်ရေးအတွက် တခုခုနဲ့ လွမ်းမိုးဖို့ ကြိုးစားတတ်လေ့ရှိတယ်။ မြန်မာ အပေါ်မှာ အိန္ဒိယရဲ့ သြဇာ ကြီးလာမှာကိုလည်း တရုတ်က သိပ်လိုလားပုံမရဘူး” ဟု သံတမန်ဟောင်း တဦးဖြစ်သူ သခင်ချန်ထွန်းက ပြောသည်။
တရုတ်အစိုးရ၏ CCTV ရုပ်သံ အစီအစဉ်များကိုလည်း အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး မြန်မာအစိုးရပိုင် MRTV – 4 ရုပ်သံတွင် စမ်းသပ် ထုတ်လွှင့်ခဲ့သည်။
ဤသို့ ထုတ်လွှင့်ပေးခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရေးအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆကြောင်း သတင်းစာဆရာ တဦးဖြစ်သူ ကိုကို (စက်မှုတက္ကသိုလ်) က ပြောသည်။
“MRTV-4 ရဲ့ လိုင်းပေါင်း ၄၀ လောက်မှာမှ CCTV က ၂ လိုင်းလောက်ပဲ ဆိုတော့ ယဉ်ကျေးမှုအရ ထိုးဖောက်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ လွှမ်းမိုးစရာ အကြောင်းလည်း မရှိပါဘူး။ ကိုးရီးယား ရုပ်သံလိုင်းတွေ လိုမျိုး အခမဲ့ ကြည့်လို့ရတာတွေ အများကြီးရှိတော့ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်” ဟု ဦးကိုကိုက ဆိုသည်။
တရုတ်နိုင်ငံက ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားရန် သမ္မတ ဦးသိန်းစိန် ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ် အစိုးရ ကိုယ်စားလှယ် များသည် မြန်မာနိုင်ငံသို့ ဆက်တိုက် လာရောက်၍ နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စများ လုပ်ဆောင်လျက် ရှိသည်။
သမ္မတဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် MR. Liu Qi နှင့် နိုဝင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ အကျိုးစီးပွား ပူးပေါင်းရေးတို့ကို ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လကလည်း ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ အကျိုးစီးပွား ပိုမို ပူးပေါင်းရေး၊ မဟာဗျူဟာမြောက် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း တရုတ်သတင်းများတွင် တွေ့ရသည်။
ဒေသတွင်း တရုတ်၏ စီးပွားရေး၊ စစ်ရေးသြဇာ ကြီးထွားလာခြင်းနှင့်အတူ အိန္ဒိယနှင့် အမေရိကန် တို့ကလည်း ၎င်းတို့၏ စစ်ရေး အင်အား တိုးမြှင့်ရေး ကြိုးပမ်းနေကြောင်း နိုင်ငံတကာ သတင်းများက ဆိုသည်။
အရှေ့တောင်အာရှ နိုင်ငံ အများစုတွင် တရုတ်လူမျိုးများသည် စီးပွားရေးအရ အခြေချ နေထိုင်လျက်ရှိပြီး တရုတ်ယဉ်ကျေးမှု သင်္ကေတ အမှတ်အသားများကိုလည်း နေရာ အတော်များများတွင် တွေ့မြင်နေရသည်။ အာဆီယံ ဒေသအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံထားမှုသည် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနေသည်ဟု သတင်းများအရ သိရသည်။
နိပေါနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၃ ဘီယီယံ အကုန်အကျခံ တည်ဆောက်မည့် စီမံကိန်း တခုအား ကူညီမည်ဟု တရုတ် အစိုးရက ကမ်းလှမ်းထားသေးကြောင်းလည်း သိရသည်။ ၎င်း အစီအစဉ်သည် ဗုဒ္ဓ ဖွားမြင်တော်မူခဲ့သော လုမ္ပနီ အင်ကြင်း ဥယျာဉ်အား ဗုဒ္ဓဘာသာဝင်တို့ မသွားမဖြစ်သည့် အထင်ကရ နေရာတခုအဖြစ် နီပေါအစိုးရ ပြုပြင် တည်ဆောက်မည့် စီမံကိန်း ဖြစ်သည်။
လူဦးရေ သန်း ၁၃၀၀ ကျော်လာသည့် တရုတ်နိုင်ငံသည် နိုင်ငံအများအပြား၌ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ အစုအဝေးလိုက် ပြောင်းရွှေ့နေထိုင်နေကြသည်။
“အစိုးရက ပို့တာ မဟုတ်ဘဲနဲ့ နယ်စပ်ဒေသတွေက ဝင်ပြီးတော့ အိမ်နီးချင်း နိုင်ငံတွေမှာ အခြေချတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်းပဲ တနိုင်ငံလုံးနီးပါးမှာ တရုတ်လူမျိုးတွေ နေထိုင်လာကြတာ တွေ့နေရတယ်” ဟု တရုတ်နိုင်ငံ၌ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးချန်ထွန်းက ပြောသည်။
ရှေးမြန်မာ ဘုရင်များ နန်းစိုက်ခဲ့ပြီး မြန်မာမှုလက်ရာ အမွေအနှစ် များပြားစွာ ကျန်ရှိနေသော မန္တလေးမြို့၌ တရုတ်လူမျိုးများ ကြီးစိုးလာခြင်းအပေါ် မန္တလေးဒေသခံ အနုပညာသမားများက မကြာခဏ ထောက်ပြ ဝေဖန် ရေးသားလျက်ရှိသည်ကို တွေ့ရသည်။
“တရုတ်တွေဟာ နယ်စပ်က တောရွာတွေမှာ ပထမ အခြေချပြီး ဗမာစကား သင်တယ်၊ ပြီးရင် မြို့ပေါ် တက်လာကြတယ်။ မြို့ပေါ်ရောက်တော့ ပျောက်သွားတယ်။ ရန်ကုန်တို့၊ မန္တလေးတို့ လိုမျိုးပေါ့” ဟု ဦးချန်ထွန်းက ဆိုသည်။
တရုတ်လူမျိုးများက ၎င်းတို့နေထိုင်ရာ ဒေသများ၌ တရုတ်ဘုံကျောင်းများ တည်ဆောက်၍ တရုတ်လူမျိုးများ တိုးပွားလာရေး၊ စီးပွားရေးအရ ကူညီ ထောက်ပံ့ရေး စသည်တို့ကို လုပ်ဆောင်လျက် ရှိသည်ဟူသော သတင်းတချို့လည်း ထွက်ပေါ်နေသည်။ နယ်စပ်ဒေသများမှ ဝင်ရောက်လာသော တရုတ်နိုင်ငံသား အများအပြားသည် ဒေသခံ အာဏာပိုင်တချို့ကို ချဉ်းကပ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ရယူကြသည် ဟူသော သတင်းများလည်း ကာလ အတန်ကြာကပင် ထွက်ပေါ်နေသည်။ မြန်မာပြည်ဖွား မဟုတ်ဘဲ မြန်မာနိုင်ငံသား ဖြစ်သွားသော တရုတ်လူမျိုး အရေအတွက် မည်မျှ ရှိသည်ကိုမူ မသိရသေးပေ။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းများ ဖြစ်သည့်အတွက် ကမ္ဘာတည်သရွေ့ ထိတွေ့ နေကြရမည် ဖြစ်သောကြောင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောခဲ့သည်။