မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးရန် သဘောတူကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ယနေ့ ပြောလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ယနေ့ စတင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ချမှတ်ထားသော ဒီမိုကရေစီလမ်းပြမြေပုံအား အပြောမဟုတ် လက်တွေ့ လုပ်ဆောင်နေကြောင်း၊ တိုးတက်မှုများကို တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်နေမှုများကို နိုင်ငံတကာက အသိအမှတ်ပြုကြရန် လိုအပ်ကြောင်း လက်ရှိအာဆီယံ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်သော အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီနာ တာလီ ဂါဝါက သတင်းထောက်များကို ပြောသည်။
၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူး မြန်မာပြည် ရရှိရေးအတွက် သမ္မတ ဦးသိန်းစိန်အစိုးရက ပြီးခဲ့သော လအနည်းငယ်က ကမ်းလှမ်းခဲ့သည်။
အစိုးရက အာဆီယံဥက္ကဋ္ဌနေရာအတွက် ကြိုးပမ်းနေခြင်းမှာ နိုင်ငံတကာ၏ အသိအမှတ်ပြုခံရရေးအတွက် ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေးသမားတချို့က ပြောဆိုနေကြသည်။
အာဆီယံ ဥက္ကဋ္ဌ တာဝန် မြန်မာပြည်သို့ ပေးအပ်ရေးအတွက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအား လေ့လာရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက်ကာ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ နိုင်ငံရေး အင်အာစုများနှင့် တွေ့ဆုံခဲ့သည်။
အာဆီယံ ဥက္ကဋ္ဌ နိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေးများကို တာဝန်ယူ ကျင်းပနိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဋ္ဌရာထူးအတွက် အလှည့်ကျခဲ့သော်လည်း အနောက်နိုင်ငံတို့၏ ဖိအားပေးမှုကြောင့် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့သည်။
ထိုစဉ်က မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း၊ ဒီမိုကရေစီဖော်ဆောင်ရေး နှေးကွေးမှုတို့ကြောင့် ထိုသို့ ဖိအားပေးခဲ့ကြခြင်း ဖြစ်သည်။
အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းကို ဒေသတွင်း ၁၀ နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနိးရှား၊ လော၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။