တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ယမန်နေ့ နံနက်က ထွက်ခွာသွားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးသွားရောက်သည့် ပြည်ပခရီးစဉ်ဖြစ်ပြီး ကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒု ဗိုလ်ချုပ်ကြီး သောင်းအေး၊ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြထွန်းဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိကြီးများ လိုက်ပါသွားသည်ဟုလည်း သိရသည်။
လေ့လာသူများက စစ်အစိုးရလက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ်များ အနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့သာ အရင်ဆုံး သွား ရောက်သော်လည်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထက်တွင်မူ အာဆီယံနိုင်ငံများထဲမှ ဗီယက်နမ်သို့ သွားရောက်ခြင်းသည် ထူးခြားသော ဖြစ်စဉ် တရပ်ဖြစ်ပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတရပ်ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။
မြန်မာ့ တပ်မတော်တွင် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီဟောင်း ဦးတင်ဦးက ကချင်ပြည်နယ်၌ တည်ဆောက်နေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းပြီးနောက် တရုတ်- မြန်မာ ဆက်ဆံရေး အနည်းငယ် ယိုယွင်းသွား သည်ဟု ထင်မြင်ကြောင်း၊ ထိုကြောင့် ဗီယက်နမ် အပါအဝင် အမေရိကန် စသည့်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားလာခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
“အရင်ကတော့ တရုတ်ကို သွားကြတယ်၊ အခုတော့ ဗီယက်နမ် စစ်တပ်က နယ်စပ်တလျောက်မှာ တရုတ်နဲ့ ဘယ်လိုဆက်ဆံ သလဲဆိုတာကို ချိန်ထိုးကြည်ဖို့ သွားလေ့လာတာလို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။
ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းရှိ စပါတလီကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် တင်းမာမှုများ ဖြစ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့ပြီး အမေရိကန်လေယာဉ်တင် သင်္ဘောကြီးများနှင့် စစ်သင်္ဘောများမှာ ဗီယက်နမ်ဆိပ်ကမ်းများတွင် လာရောက်လည်ပတ် ဆိုက်ကပ်သည်အထိ တိုးတက်လာသည်။
ဝါရှင်တန် အခြေစိုက် ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကမူ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီး၏ ဖိတ်ကြားချက် အရ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း စစ်လက်နက် ပစ္စည်းနှင့် နည်းပညာပိုင်းတွင် အပြန်အလှန် ဖလှယ်ရန် သွားရောက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“လိုက်သွားတဲ့သူတွေကို ကြည့်ရင် စစ်ရေးကိစ္စ၊ လက်နက်ကိစ္စ ဖြစ်ဖို့များတယ်။ တရုတ်ဒေသတွင်း အားကြီးလာတာကို တန်ပြန် ဖို့လည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးမဟာမိတ် မဟုတ်တောင် အကြံဉာဏ်ယူတဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။
မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံ တပ်မတော်များသည် အင်ဒိုချိုင်းနား စစ်ပွဲကာလ နယ်ချဲ့ဆန့်ကျင်ရေး၌ သဘောထားခြင်း တူညီခဲ့ပြီး ယခင်ကတည်းကပင် အပြန်အလှန်လေးစားစွာ ဆက်ဆံမှုရှိခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
တရုတ် – မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း “အာဆီယံထဲမှာ ဗီယက်နမ်က တရုတ်နဲ့ နယ်စပ်ခြင်း ကပ်နေပေမယ့် အဲဒီနှစ်နိုင်ငံက အဆင်မပြေဘူးလေ။ ဒါကြောင့် နိုင်ငံခြားရေး ပေါ်လစီအရ တရုတ်ကို ကစားဖို့ ဗီယက်နမ်ကို သွားတာပါ” ဟု သုံးသပ်သည်။
ဗီယက်နမ်နှင့် မြန်မာသည် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်လာပြီး လေကြောင်းလိုင်း ပြေးဆွဲခြင်း၊ အထည်ချုပ်စက်ရုံများနှင့် ဘဏ်ခွဲများကို ရန်ကုန်မြို့၌ လာရောက်ရင်းနှီးမြုပ်နှံခြင်းများ ပိုမိုတိုးမြင့်လုပ်ဆောင်လာသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရက ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်ကြီး)၊ ကိုသန်း (ကြည်မြင်တိုင်)၊ ဗိုလ်ဘုန်းအောင်၊ ဦးဘသိန်းဇံတို့ကို ဗီယက်နမ်သို့ စေလွှတ်ကာ နယ်ချဲ့တော်လှန်ရေးကို ကူညီခဲ့ဖူးသည်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဗီယက်နမ်နိုင်ငံသို့ ယမန်နေ့က သွားရောက်ခဲ့ပြီး တိုက်ဆိုင်စွာပင် ယနေ့၌ မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူး ပေးအပ်ရန် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက ထောက်ခံလိုက်ကြောင်း ကြားသိရသည်။
အလားတူ မြန်မာနိုင်ငံတွင်လည်း စစ်အစိုးရလက်ထက် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး မပြေလည်ကြသော်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆက်ဆံရေး ကောင်းမွန်အောင်ကြိုးစားလာရာ အမေရိကန်အစိုးရ၏ ကိုယ်စားလှယ်များ မကြာခ ဏလာရောက်သကဲ့သို့ မြန်မာအစိုးရ အဖွဲဝင်များလည်း အမေရိကန်သို့ သွားရောက်လည်ပတ်နေသည်။
ပြီးခဲ့သည် အောက်တိုဘာလက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိ နှိုင်းရေးမှူး ဒဲရက်မစ်ချယ်နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေးခဲကြောင်း အစိုးရသတင်း စာများ၏ ဖော်ပြချက်များအရသိရသည်။