မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရှိ ဗုဒ္ဓဝင်ပြတိုက်တွင် သံဃာ၅ ပါးက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး အတွက် ယနေ့နံနက်ပိုင်း မှ စတင်၍ ဆန္ဒပြတောင်းဆိုသည်။
ဆန္ဒပြ သံဃာတော်များက နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်၊ သံဃာတော်များကို လွတ်လပ်စွာ တရားဟောပြောခွင့်ပေးရန်၊ ကချင်ပြည်စစ်ပွဲများနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန်တို့ကို တောင်းဆိုဆန္ဒပြခြင်း ဖြစ်ကြောင်း၊ ဆရာတော်ကြီးများ လာရောက်ရာတွင် တောင်းဆိုချက်များပါဝင်သည့် စာရွက်ကိုလက်မှတ် ထိုး ၍ သက်ဆိုင်ရာကို တင်ပြပေးရန် ပေးအပ်လိုက်ကြောင်း ဆန္ဒပြနေသည့် သံဃာတော် အရှင်သောပါက က ဧရာဝတီသို့ မိန့်သည်။
ယခုကဲ့သို့ သံဃာတော်များ ဆန္ဒပြခြင်းသည် ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနောက်ပိုင်းနှင့် အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။
“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေတယ် ဆိုပေမယ့် အကျဉ်းကျနေတဲ့ သံဃာတော်တွေနဲ့ အခြားအခြားသော နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ကျန်နေသေးတယ်။ သူတို့တွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့၊ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ပြည်တွင်းစစ်တွေ ရပ်စဲဖို့ တောင်းဆိုတာပါ”ဟု အဆိုပါ သံဃာတော်က မိန့်ကြားသည်။
မကြာသေးမီက သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှင့် လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား၂၀၀ ကျော်သာ ပါဝင်မှုကို သံဃာတော်များက ထောက်ပြဝေဖန်ပြီး တိုင်းပြည်တွင်း အမှန်တကယ် ပြောင်းလဲမှုကို လိုလားပါက နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရမည်ဟု သံဃာတော်များက မိန့်သည်။
ဆန္ဒပြ သံဃာများက “မြန်မာပြည် ငြိမ်းချမ်းပါစေ”၊ “ပြည်တွင်းစစ် ချက်ချင်းရပ်” “နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်” စသည့် ပိုစတာများကို ချိတ်ဆွဲထားပြီး ဆန္ဒပြရသည့် အကြောင်းရင်းများကိုလည်း အသံချဲ့စက်မှ မိန့်ကြားခဲ့ကြသည်။
အဆိုပါ ဆန္ဒပြနေသည့်ဗိမာန်ကို သက်ဆိုင်ရာက လျှပ်စစ်မီးများဖြတ်တောက်လိုက်ပြီး မဟာမြတ်မုနိ ဘုရားကြီး ပရဝုဏ်အတွင်း တွင်လည်း လုံခြုံရေးများ ချထားကြောင်း၊ လာရောက်ကြည့်ရှုသူ ပရိသတ်ထောင်ကျော်ရှိပြီး ဆန္ဒပြ သံဃာတော်များအတွက် အစားအသောက်၊ ရေနှင့် မီးစက်အသုံးပြုနိုင်ရန် ဓာတ်ဆီတို့ကို လှူဒါန်းနေကြသည်ဟု မန္တလေးမြို့ခံများက ပြောသည်။
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ရာဇဓမ္မာဘိဝံသ အစရှိသည့် ဆရာတော်ကြီးများကလည်း ဆန္ဒပြသံဃာတော်များနှင့် လာရောက်ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ကြသည်။
နောက်ဆုံး သတင်းများအရ ဆန္ဒပြ သံဃာများသည် မစိုးရိမ်ဆရာတော်နှင့် ညှိနှိုင်းချက်အရ မန္တလေး မဟာမြတ်မုနိဘုရားကြီး မှ မစိုးရိမ်ကျောင်းတိုက်(တိုက်ဟောင်း)သို့ ရွှေ့ပြောင်း၍ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်မည်ဟု သိရသည်။
“မစိုးရိမ် ဆရာတော် ရာဇဓမ္မာဘိဝံသနဲ့ ဆရာတော်တွေနဲ့ ညှိနှိုင်းမှုအရ ဦးပဉ္ဇင်းတို့ မစိုးရိမ်ကျောင်းတိုက်ကို ကြွမယ်။ ဆရာတော် က အဲ့ဒီမှာ ဆက်ပြီးတော့ လှုပ်ရှားခွင့်ပေးတယ်။ ဦးပဉ္ဇင်းတို့ တောင်းဆိုတာတွေ မရမချင်း ဆက်လုပ်မယ်”ဟု တခြားသော ဆန္ဒပြ သံဃာ အရှင် ဇောတိပါလ က မိန့်ကြားသည်။
ယခု ဆန္ဒပြမှုတွင်ပါဝင်သည့် အရှင် သောပါကသည် ဂျာမနီနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရထားပြီး မကြာသေးမီကအထိ ပြည်ပတွင် အခြေစိုက် သီတင်းသုံး နေထိုင်သည့် သံဃာတပါးဖြစ်ကြောင်း သိရသည်။