မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲသတင်းကို စာပေစိစစ်ရေးက အကန့်အသတ်ဖြင့် ဖော်ပြခွင့်ပြုခဲ့ပြီး ယမန်နေ့က ဖြစ်ပွားခဲ့သော မန္တလေးသံဃာဆန္ဒပြပွဲ သတင်းကိုလည်း ပိတ်ပင်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အသိုင်းအဝိုင်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တိုက်ရိုက် ပြောစကား တွေကို ဖြုတ်တာ”ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ တဦးက ပြောဆိုသည်။
နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ကျင်းပသည့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော“တရား ဥပဒေ စိုးမိုးတဲ့နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာမရှိဘူး” ၊ “အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ မဖြစ်ဖို့ထက် ပြည်သူတွေရဲ့ဘဝတွေတိုးတက်သာယာ ဖို့အရေးကြီးတယ်” “အခုတရားရေး မဏ္ဍိုင်က သန့်ရှင်းလွတ်လပ်မှု မရှိဘူးဆိုတာ အားလုံး သိတဲ့ အတိုင်း” ဟူသည့် စကားများကို စိစစ်ရေးက ဖြုတ် ပယ် ခြင်းဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားတွင် ယမန်နေ့က သံဃာတော် ၅ပါး ဆန္ဒပြသည့်သတင်းနှင့် ရှေ့နေ ကိုဖိုးဖြူ ဦးဆောင် သော ရန်ကုန်မြို့ အိုးအိမ် ဦးစီးဌာနရှေ့တွင် အောက်တိုဘာလကုန်ပိုင်းက လယ်သမားများ ဆန္ဒပြသည့် သတင်းများကိုလည်း စိစစ်ရေးက ဂျာနယ်များတွင် ဖော်ပြခွင့်မပေးကြောင်း သတင်းထောက်များက ပြောသည်။
“ဂျာနယ်နောက်ဆက်တွဲအချပ်ပိုအနေနဲ့ မန္တလေးမှာ သံဃာတော် ၅ ပါး ဆန္ဒပြတဲ့သတင်းကို ခွင့်ပြု၊ မပြု စာပေစိစစ်ရေးကို မေး တယ်။ ခွင့်မပြုဘူး။ အရင်တုန်းကလည်း ကိုဖိုးဖြူနဲ့ လယ်သမားတွေ ဆန္ဒပြကြတဲ့သတင်းလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့ တယ်”ဟု ရန်ကုန်မြို့မှ သတင်းထောက်တဦးက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်း ပြည်သူ့ခေတ်ဂျာနယ်တွင် ရေးသည့် ခရီးသွားဆောင်းပါးအမှတ် ၃ တွင် NLD ဥပဒေ အထောက် အကူပြုအဖွဲ့အကြောင်း ထည့်သွင်းရေးသားထားသည့် အတွက် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်ခံရသောကြောင့် ပညာရေး၊ နိုင်ငံရေး ဆောင်းပါးများ ဆက်လက်ရေးသားရန်မဖြစ်နိုင်သေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
စီးပွားရေးဂျာနယ် ထုတ်ဝေခွင့်ဖြင့် ထုတ်လုပ်လျက်ရှိသော ဂျာနယ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်စပ်နေသော နိုင်ငံရေးသတင်းများကို စိစစ်ရေးက ဖော်ပြခွင့်မပြုကြောင်း စီးပွားရေးသတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတဦးက ပြောသည်။
“စီးပွားရေးဂျာနယ်ကတ်နဲ့ထုတ်တဲ့ သတင်းဂျာနယ်တွေမှာ စီးပွားရေးသတင်းပဲအကျုံးဝင်တယ် ဆိုပြီး နိုင်ငံရေးသတင်းတွေအဖြုတ် ခံရတယ်။ စာပေစိစစ်ရေးကို မနာခံဘဲ ဒေါ်အောင်ဆန်းစုကြည် သတင်း၊ နိုင်ငံရေးပါတီ သတင်းတွေထည့်ရင်လည်း ခေါ်သတိပေး တယ်။ နောက်ဆက်တွဲ တင်ပြခွင့် ပိတ်ပင်တာမျိုး အရေးယူခံရတယ်”ဟု ၎င်းက ဆိုသည်။
လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းခေါ်ယူမည့် လွှတ်တော်အစည်းအဝေးများတွင် သတင်းမီဒီယာဥပဒေကို ရေးဆွဲတင်ပြအတည်ပြုပြီး ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုကာ စိစစ်ရေး၏အခန်းကဏ္ဍကို လျှော့ချမည်ဟု စာပေစိစစ်ရေးဌာန ဝန် ထမ်း တဦးက ပြောဆိုသည်။
ပြည်တွင်းသတင်းထောက်များကမူ သတင်းမီဒီယာဥပဒေမှာ မီဒီယာသမားများ ကိုယ်တိုင် ရေးဆွဲခွင့်ရမည် မဟုတ်ဘဲ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့စသည်တို့က ရေးဆွဲကြမည်ဖြစ်သည့်အတွက် သတင်း လွတ်လပ်ခွင့် ရရှိရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ပြောဆိုကြသည်။