ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေရှိ လယ်သမား၊ အလုပ်သမားတို့အတွက် အကျိုးဆောင်ပေးနေသည့် လူ့အခွင့်အရေး ကာကွယ် စောင့်ကြည့်သူများ ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်နိုင်သည် ဗီဒီယိုရိုက်ကူးမှုဖြင့် တနင်္လာနေ့တွင် ထိန်းသိမ်းခံလိုက်ရသည်။
သူ၏အမှုသည် ထိုဒေသရှိလယ်မြေများ သိမ်းယူခံရခြင်းကို မကျေနပ်သော လယ်သမား ၂၀၀ ဝန်းကျင်က စက်တင်ဘာလအတွင်း ဆန္ဒပြခဲ့မှုနှင့် ဆက်စပ်နေသည်ဟု သိရသည်။
“မကြာခင်ကပဲ ဧရာဝတီတိုင်းဝန်ကြီးချုပ်ရုံးကို ချီတက်ပြီးတော့ သိမ်းထားတဲ့လယ်မြေတွေပြန် ရရှိရေး တောင်းဆိုခဲ့တာကို ဗီဒီယိုအဖြစ် မှတ်တမ်းတင်တယ်၊ သိမ်းဆည်းထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာပါ” ဟု ကိုမြင့်နိုင်၏ ရှေ့နေ ကိုဖိုးဖြူက ပြောသည်။
ဤအတောအတွင်း ပုသိမ်ခရိုင်၊ မြက်တိုမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခံနေရသည့် ကိုမြင့်နိုင်သည် ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂ (က)၊ (ခ)တို့ဖြင့် အရေးယူခံနေရပြီး နိုဝင်ဘာလ ၂၅ ရက်နေ့၌ တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဟု ကိုဖိုးဖြူက ရှင်းပြသည်။
ကိုမြင့်နိုင်အား ဖမ်းဆီးခြင်းသည် အာဏာပိုင်တို့က ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လုပ်ဆောင်နေသူများကို နှောင့်ယှက်ခြင်းပင်ဖြစ်ကြောင်း ကိုဖိုးဖြူက ဧရာဝတီသတင်းဌာနကို ပြောသည်။
“အခုစွဲဆိုထားတဲ့ ပုဒ်မတွေဟာ အရင် စစ်အစိုးရ လက်ထက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေကို ဖမ်းဆီး နှိပ်ကွပ်ခဲ့တဲ့ ဥပဒေ ပုဒ်မတွေပါ၊ အခုအစိုးရဟာလည်းပဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှှုပ်ရှားသူတွေကို ရပ်တန့်သွားအောင် တားဆီး ကန့်သတ်ချင်တဲ့ ဆန္ဒရှိနေတုန်းပဲလို့ မြင်ပါတယ်” ဟု ကိုဖိုးဖြူက ဆိုသည်။
ကိုမြင့်နိုင်အား ဖမ်းဆီးအရေးယူထားသော်လည်း သူ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်သော ဆန္ဒပြမှုတွင် ပါဝင်သည့် ဧရာဝတီတိုင်းမှ လယ်သမားများ ထိန်းသိမ်းခံရခြင်း မရှိကြောင်း သိရသည်။
ရန်ကုန်မှ လယ်သမားတချို့ကလည်း မကြာသေးမီက အလားတူ ဆန္ဒပြခဲ့ကြသေးသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြို့နယ် ၃ ခုမှ လယ်သမား ၅၀ ဝန်းကျင်သည် သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည်ရရှိရေး၊ လယ်ယာမြေ ဥပဒေ တချို့ ဖျက်သိမ်းပေးရေးတို့အတွက် ပြီးခဲ့သည့်လအတွင်း ရန်ကုန်မြို့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ထိုစဉ်က ဆန္ဒပြသည့် ၇ ဦးသည် ဥပဒေမဲ့ လူစုလူဝေး ပြုလုပ်မှု၊ အမိန့်ဖီဆန်မှု တို့ဖြင့် တရားစွဲခံရပြီး နောက်တနေ့တွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်သွားသည်။