သတင်း

မန္တလေး ဆန္ဒပြသံဃာများ ဒုတိယနေ့ ငြိမ်းချမ်းရေး တရားဟော

This article has been converted from Zawgyi One to Unicode

မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၌ ယမန်နေ့က ဆန္ဒပြသည့် သံဃာ ၅ ပါးသည် ယနေ့ နေ့လယ်ပိုင်းတွင် ဆက်လက်၍ မစိုးရိမ် တိုက်ဟောင်း၌ ငြိမ်းချမ်းရေး တရားဟောပြောပွဲ ပြုလုပ်ရာ လူပရိသတ် ရာချီတက်ရောက်ကြောင်း သတင်းရသည်။

ယနေ့ နေ့လယ်ပိုင်းက မစိုးရိမ် တိုက်ဟောင်း၌ ပြုလုပ်သော ငြိမ်းချမ်းရေး တရားဟောပွဲ(ဓာတ်ပုံ - Burma VJ Media Network)

ယင်းတရားပွဲ အပြီးတွင် ဆရာတော်ကြီးများ မိန့်ကြားသည့် မစိုးရိမ်ကျောင်းတိုက် စည်းကမ်းချက်များနှင့် တခြားသော သံဃာများကို အနှောင့်အယှက် မဖြစ်စေရန် မဟာမြတ်မုနိ ဘုရားကြီးရှိ ပိဋိကပါလ ရေတော်တိုက်သို့ နေရာရွှေ့၍ ခေတ္တ သတင်းသုံးမည်ဟု သိရှိရသည်။

“ဦးပဉ္ဇင်းတို့က လူစုလူဝေးနဲ့ တရားဟောတာ ဆိုတော့ တိုက်ရဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီဘူးပြောတယ်။ သံဃာအများလည်း အနှောင့်အယှက် ဖြစ်မယ်ပေါ့။ ဦးပဉ္ဖင်းတို့လည်း နားလည်ပါတယ်။ အားလုံး ပြေပြေလည်လည်ပါပဲ။ အခုလည်း ဆရာတော်ကြီး တွေကိုယ်တိုင် လိုက်ပို့ပေးပါတယ်။ လောလောဆယ်တော့ ဒီမှာ ခဏနားမယ်”ဟု ဆန္ဒပြ သံဃာတပါးဖြစ်သည့် ဦးမာဃက ဧရာဝတီ သို့ မိန့်သည်။

ဆန္ဒပြသံဃာများ မူလကစီစဉ်ထားသည့် မစိုးရိမ်တိုက်တွင် ၃ ရက် တရားပွဲပြုလုပ်မည့် အစီအစဉ်ကို မလုပ်တော့ဘဲ ယနေ့တရက် တည်းသာ တရားပွဲ ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့ တောင်းဆိုချက်များမရမချင်း နောက်ရက်များတွင်လည်း အစီအစဉ်များ ချမှတ် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။

နေ့လယ် ၁ နာရီခန့်က မစိုးရိမ်တိုက်ဟောင်း သုတ္တန်း ကျောင်းဆောင်ရှေ့၌ ပြုလုပ်သော တရားပွဲအပြီးတွင် မစိုးရိမ်ကျောင်းတိုက် မှ သံဃာတော်များအပါအဝင် အခြားကျောင်းတိုက်များမှ တရားပွဲသို့လာသော သံဃာများနှင့် လူပရိသတ် စုစုပေါင်း ၅၀၀ ခန့်က နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ လွတ်လပ်စွာ တရားဟောပြောခွင့်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်များပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

တရားပွဲ တက်ရောက်ခဲ့သူတဦးက“ဆရာတော်က မေတ္တာထားဖို့၊ အမုန်းတရားမထားဖို့၊ ငြိမ်းချမ်းရေးအကြောင်း စတာတွေ ဟောပြီး တော့ တောင်းဆိုချက်တွေ တောင်းရတာကို ရှင်းပြတယ်။ ပြီးတော့ ဦးသိန်းစိန်ဆီ တောင်းဆိုချက်တွေ လက်မှတ်ထိုးပို့မယ်ဆိုတော့ တော်တော်များများက လိုလိုလားလားနဲ့ပဲ လက်မှတ်ထိုးပေးကြတယ်”ဟု ပြောပြသည်။

တရားပွဲ ပြုလုပ်ချိန်တွင် အာဏာပိုင်များက အရပ်ဝတ်ဖြင့် စောင့်ကြည့်မှုများသာရှိပြီး နှောင့်ယှက်မှု တစုံတရာမရှိကြောင်း၊ ယခုအဖြစ် အပျက်တွင် ၂၀၀၇ စက်တင်ဘာကဲ့သို့ သံဃာထု အုံကြွမှုမျိုး ထပ်မံဖြစ်ပေါ်မည်ကို မလိုလားသောကြောင့် ဒေသခံ အာဏာပိုင် များက တိုက်ရိုက်ကိုင်တွယ်ခြင်း မပြုဘဲ ဆရာတော်ကြီးများကို ချဉ်းကပ်၍ ပြေလည်ရန်ဖြေရှင်းသည့် နည်းကို အသုံးပြုသည်ကို တွေ့ ရှိရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယမန်နေ့ နံနက်ခင်းက စတင်၍ ဦးမာဃ၊ ဦးဇောတိပါလ၊ ဦးသောပါက စသည့် သံဃာတော် ၅ ပါးက မဟာမြတ်မုနိဘုရားကြီး ပရဝုဏ်ရှိ မဟာဗုဒ္ဓဝင် ပြခန်းတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများအတွက် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဆရာတော်ကြီးများ၏ အစီအစဉ်ဖြင့် မစိုးရိမ်တိုက်ဟောင်း သုတ္တန်းကျောင်းဆောင်တွင် တညတာ သီတင်းသုံးခဲ့ခြင်း ဖြစ်သည်။

မန္တလေးမှ သံဃာများ၏ တရားပွဲကျင်းပနေချိန်နှင့် တဆက်တည်းတွင်ပင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ရှိ ကြေးသွန်းဘုရား အနီး တွင်လည်း ဆန္ဒပြမည်ဟူသော သတင်းများကြောင့် သတင်းထောက်များ သတင်းယူရန် စောင့်ဆိုင်းနေခဲ့ကြကြောင်း ရန်ကုန် မှ လာသော သတင်းများအရ သိရသည်။

Loading