မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ မနီလာသိန်းနှင့် ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို ယနေ့တွင် ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ကြောင်း သတင်း ရသည်။
မကွေးတိုင်း သရက်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းသည် ယနေ့နံနက် ပိုင်းက သာယာဝတီထောင်သို့ ရောက်ရှိလာကြောင်း ထောင်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောပြသည်။
“မနီလာသိန်း ရောက်လာပါပြီ၊ ကိုမင်းကိုနိုင်ကိုတော့ သရက်ရွှေ့မယ်ကြားတယ်၊ ဒီည သာယာဝတီမှာ ညအိပ်ဖို့ ပြင်ဆင် ထားတယ် လို့လည်း ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။
မနီလာသိန်းမှာ၂၀၀၇ ခုနှစ် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီး၍ ထောင် ဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဂျင်မီမှာလည်း တောင်ကြီး ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရ၍ သမီးငယ်နှင့်လည်း ခွဲခွာနေရသည်။
အလားတူ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ဦးဆောင်ပါဝင်ခဲ့သည့် အတွက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်၌ ထောင် ဒဏ် ၆၃ နှစ် ကျခံနေရသော အရှင်ဂမ္ဘီရ အပါအဝင် ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီပုတို့နှစ်ဦး လည်း ထောင်ရွှေ့ပြောင်းရာတွင် ပါဝင်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင် ဒေါ်ရေးက ပြောသည်။
“ကလေး လေဆိပ်မှာ သူတို့ကား ဝင်လာတာတွေ့တယ်၊ လူချင်းမတွေ့ရဘူး၊ ခရီးသည်စာရင်းမှာ အရှင်ဘုရားရဲ့ လူနာမည်ပါတယ်” ဟု ၎င်းက ဆိုသည်။
အရှင် ဂမ္ဘီရနှင့် ဦးညီပုကိုမူ မည်သည့် အကျဉ်းထောင်သို့ ပြောင်းရွှေ့မည်မသိရကြောင်း၊ သို့သော်လည်း အင်းစိန်ထောင်ဟု ပြော ဆိုမှုများလည်း ရှိနေကြောင်း ဒေါ်ရေးက ဆက်လက်ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅နှစ် ချမှတ်ခံထားရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လည်း ယခုထောင်ပြောင်းရွှေ့မှုတွင် ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ယနေ့ညနေ ရန်ကုန်လေဆိပ်တွင် ပြည် တွင်းရှိ စာနယ်ဇင်းသမားများနှင့် ၈၈ မျိုးဆက်ကျောင်းသားများ သွားရောက် စောင့်မျှော်နေကြသည်။
ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“သတင်းတွေကတော့ ထွက်နေတယ်၊ အိမ်ကိုတော့ တရားဝင်အကြောင်း မကြား သေးဘူး၊ ကိုပေါ်ကို သရက်ကိုရွှေ့မယ်လည်း ပြောတယ်”ဟု ဆိုသည်။
မကြာမီရက်ပိုင်းအတွင်း ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို စသည့် ကျန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကိုလည်း ထောင် ပြောင်းရွှေ့မှု ဆက်လက်လုပ်နိုင်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။
ပြီးခဲ့သည့် စနေနေ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန်ထံသို့ ယုံကြည်ချက်ကြောင့်အကျဉ်း ကျ ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန်၊ ထိန်းသိမ်းရန် လိုအပ်သေးသည့်သူများကို မိသားစုနှင့်တွေ့ဆုံနိုင် ရန် သွားလာရလွယ်ကူသည့် အကျဉ်းထောင်များကို ပြောင်းရွှေ့ပေးရန် တင်ပြထားသည်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် မည်ဟု အများက မျှော်လင့်နေကြသော်လည်း ယခုအချိန်အထိ လွတ်မြောက်ခြင်းမရှိသေးပေ။
၂၀၁၀ ပြည့်နှစ် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို သွားရောက်ဓာတ်ပုံရိုက် သတင်းယူခဲ့ သည့်အတွက် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရသည့် ကိုစည်သူဇေယျကိုလည်း ယနေ့နံနက် ၇ နာရီခွဲခန့် က အင်းစိန်ထောင်မှ ဟင်္သာတ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောသည်။
အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၀နှစ် ကျခံနေရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ ကျန်းမာရေး အခြေအနေဆိုးရွားလာ နေ သည့် အတွက်မိသားစုက စိုးရိမ်ပူပန်နေကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်သီက ဧရာဝတီသို့ ပြောသည်။
“ခါးဒဏ်ရာက အခြေအနေကတော်တော်ဆိုးတယ်၊ ထောင်ဆရာဝန်ကိုယ်တိုင်က အပြင်မှာကုမှ ကောင်းမှာလို့ပြောတာ၊ ဒါပေမယ့် ခွင့်မပေးဘူး”ဟု ၎င်းကဆိုသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ လက်ရှိအခြေအနေမှာ မိခင်ဖြစ်သူ ထောင်ဝင်စာတွေ့လျှင်ပင် ပက်လက်အနေအထားဖြင့် စကားပြော ဆိုရကြောင်း၊ ဆေးကုသခွင့်ရရန် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ဒေါ်ခင်သီက ဆက်လက်ပြောသည်။
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် BG သွေးလှူဘဏ် တာဝန်ခံ ဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် ရန်ကုန်မြောက် ပိုင်း ခရိုင် အင်းစိန်ထောင်တွင်း တရားရုံးမှ ပြီးခဲ့သည့် သြဂုတ်လက အီလက်ထရွန်နစ် ပုဒ်မ ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။
စစ်ကြောရေးကာလက ရိုက်နှက်စစ်ဆေးမှုများ ရှိခဲ့သည့်အတွက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ ခါးရိုး၌ ဒဏ်ရာရရှိပြီး အိပ်ရာထက် တွင် လဲှလျောင်းနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်ထံမှ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်နှင့် သော့ချိတ်ကို ရှာဖွေတွေ့ရှိသည်ဟု ဆိုကာ ထောင်စည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်အာဏာပိုင်များက ထပ်မံတရားစွဲရန်စီစဉ်နေသည်ဟု ရှေ့နေဖြစ်သူ ဦးလှမျိုးမြင့် က ပြောသည်။
“ကိုနေမျိုးဇင်က ထိုင်လို့မရဘူး၊ ကပ်ပေါ်မှာပဲနေရမှာ၊ ရုံးထုတ်ရင် အင်းစိန်တရားရုံးထုတ်ရမှာ ဆိုတော့ သူတို့ဘယ်လိုလုပ်မယ် မသိဘူး”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ၂ရက်နေ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ အယူခံကို ရန်ကုန်တိုင်းတရားရုံးချုပ်က ပယ်ချခဲ့သည့်အတွက် နေပြည် တော်ရှိ တရားရုံးချုပ်သို့ ဆက်လက်အယူခံဝင်ရန် ရှိကြောင်း ဦးလှမျိုးမြင့်က ဆက်လက်ပြောသည်။
မကြာသေးမီကလည်း အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြတ်လှိုင်နှင့် ရဟန်းနှစ်ပါးဖြစ်သည့် ဦးစန္ဒိမာ၊ ဦးဝိသုဒ္ဓိ စသည့် နိုင်ငံရေးအကျဉ်းသား ၁၅ဦး က သီးသန့်နှင့် သာမန်သီးသန့် အကျဉ်းသားများ လျှော့ရက် ခံစားခွင့်ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ လက်ရှိ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသား ၁၆၆၈ ဦး ရှိနေသေးကြောင်း သိရှိရသည်။