မြန်မာအစိုးရ ထိန်းချုပ်မှုအောက်တွင်ရှိသော ရှမ်းပြည်နယ် ဒေသအများစုတွင် ဘိန်းစိုက်ပျိုးမှု ပို၍တိုးများလာကြောင်း ရှမ်း ပြည်နယ် မူးယစ်ဆေးဝါး လေ့လာ စောင့်ကြည့်ရေးအဖွဲ့က ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိသည့် အနက် ၄၅ မြို့နယ်တွင် ယမန်နှစ်မှ စ၍ ၂ နှစ် အတွင်း စာရင်းပြုစုခဲ့ရာ အစိုးရတပ်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ဒေသများတွင် ဘိန်းစိုက်ပျိုးနေကြောင်း သိရသည်။
ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် International Center – IC ခန်းမ၌ ယနေ့ ထုတ်ပြန်သော “Druglords in Parliament” ဟု အမည်ရသည့် အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ရာ အဆိုပါ အဖွဲ့မှ ဦးခွန်စိုင်းက ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတဝန်း ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေး ၁၅ နှစ် စီမံကိန်းကို မြန်မာအစိုးရက ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လျာထား သော်လည်း ဖြစ်နိုင်ခြေ နည်းကြောင်း ၎င်းက ဆိုသည်။
“အစိုးရက ၂၀၁၄ ခုနှစ် ရောက်ရင် မြန်မာပြည်မှာ မူးယစ်ဆေး ပပျောက်ပြီ ဆိုတာကို တကယ်ပဲ လုပ်ပြချင်တဲ့ ဆန္ဒရှိတယ် ဆိုရင် ပြည်တွင်းစစ်ကို ရပ်လိုက်ဖို့ လိုတယ်။ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရမယ်” ဟု ဦးခွန်စိုင်းက ပြောသည်။
ရှမ်းပြည်နယ် မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းတွင် ပြည်သူ့စစ်များ ပါဝင်ပတ်သက်နေပုံကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြည်သူ့စစ်များက မူးယစ်ဆေးလုပ်ငန်းကို လုပ်ကိုင်ခွင့် ရနေသည်ဟုလည်း ရေးသားထားသည်။
“ပြည်သူ့စစ် အဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ ဆိုရင် ဘိန်းစိုက်ခင်းတွေ အများကြီး တိုးပွား လာတယ်။ ဘိန်းဖြူ နဲ့ စိတ်ကြွ ဆေး ထုတ်လုပ်တာလည်း များလာတယ်” ဟု ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း ပလောင်အမျိုးသမီး အစည်းအရုံး (PWO) က ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ဒေသတွင် ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးတက်လာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် နမ့်ခမ်း မြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာရှိသည့် အနက် ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲ ကျင်းပချိန်မှ စတင်၍ ရွာပေါင်း ၁၂ ရွာခန့် အထိ ဘိန်းစိုက်ပျိုးလာကြကြောင်း ရေးသား ဖော်ပြထားသည်။
ယင်းကျေးရွာ တရွာတွင် အသက် ၁၅ နှစ်အထက် အမျိုးသား ၉၀ ရာခိုင်နှုန်းကျော်သည် ဘိန်းမဲ သို့မဟုတ် ဘိန်းဖြူ စွဲနေ ကြောင်း၊ ပြီးခဲ့သည့် ၂ နှစ်တာကာလ အတွင်း သုံးစွဲမှု ၂ ဆ တိုးလာကြောင်း PWO က ဆိုသည်။
ကမ္ဘာ့ ဘိန်းထွက်နှုန်း၌ မြန်မာနိုင်ငံသည် ၂၀၀၇ မှ ၂၀၁၀ အတွင်း ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ယခုနှစ်နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး UNODC ၏ အစီရင်ခံစာအရ သိရ သည်။
သတင်းဖော်ပြချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာ နိုင်ငံသည် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။