ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခုက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။
ဦးသန်းရွှေ၏ မိသားစုဝင်များအပါအဝင် ယခင် စစ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ၎င်းတို့နှင့် အချိတ်အဆက်ရှိသည့် လုပ်ငန်းရှင်ကြီးများကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သော်လည်း နေရွှေသွေးအောင် ရရှိထားသော ဗီဇာသည် ရှန်ကန်းဗီဇာ (Schengen Visa) ခေါ် ဥရောပနိုင်ငံအများအပြားကို သွားရောက်နိုင်သည့် ဗီဇာဖြစ်သည်ဟု ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခုထံမှ သိရသည်။
ဗီဇာထုတ်ပေးသည့် သံရုံးမှာ ပြင်သစ်သံရုံး ဖြစ်သည်ဟု ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။
ဤသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ပြင်သစ်သံရုံးကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်။
“မည်သူမည်ဝါကို ဗီဇာထုတ်ပေးလိုက်တယ်ဆိုတာ ကျမတို့ ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ပြီးတော့ ဗီဇာပိတ်ပင်မှုစာရင်းမှာ ပါနေတဲ့သူတွေကိုလည်း ဗီဇာထုတ်ပေးလေ့မရှိပါဘူး” ဟု ပြင်သစ်သံရုံး၊ ဗီဇာဌာန အရာရှိတဦးက ဧရာဝတီကို ယနေ့ ပြောကြားသည်။
ဖိုးလပြည့်ဟု လူသိများသည့် နေရွှေသွေးအောင်သည် မြန်မာနိုင်ငံကူးလက်မှတ် ၃ အုပ်ခန့် ကိုင်ဆောင်ထားသူဖြစ်သည်ဟု သူ၏ မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။
နေရွှေသွေးအောင် ပြည်ဝင်ခွင့်ဗီဇာလျှောက်စဉ်က မည်သည့် အမည်ဖြင့် လျှောက်ထားကြောင်း၊ ဥရောပခရီးစဉ်တွင် သူနှင့်အတူ မည်သူ လိုက်ပါသွားကြောင်း မသိရသေးပေ။
ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခု၏ အဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် ဥရောပသို့ သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က ရရှိသော သတင်းများအရ နေရွှေသွေးအောင်သည် စီးပွားရေး လုပ်ငန်းအများပြားကို အဘိုးဖြစ်သူ၏ သြဇာသုံးပြီး လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
နေရွှေသွေးအောင်က အဘိုး၏ အရှိန်အဝါကို စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုခြင်း မဟုတ်ပေ။ ၂၀၀၉ ခုနှစ်ကလည်း ရန်ကုန်မြို့ရှိ စစ်ဗိုလ်ချုပ်မိသားစုဝင်များ၏ “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍ ဖျက်ဆီးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ယခင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ တဦးသည် နေရွှေသွေးအောင်၏ ဆုံးမသြဝါဒကို ၂ နာရီခန့် နားထောင်ခဲ့ရသည်ဟု ဆိုသည်။
ဦးသန်းရွှေ၏ အချစ်ဆုံးမြေးတဦးဖြစ်သည်ဟု ထင်ရှားသည့် နေရွှေသွေးအောင်သည် ဒေါက်တာ နေစိုးမောင် နှင့် ဒေါ်ကြည်ကြည်ရွှေ တို့၏သား ဖြစ်သည်။