ယနေ့နံနက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဗြိတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန ဝန်ကြီး အင်ဒရူး မစ်ချယ်အား ရန်ကုန် လှိုင်သာယာတွင် ဖွင့်လှစ်ထားသော အမေ့အိမ် အခမဲ့စာသင်ကျောင်းသို့ ပို့ဆောင်ခဲ့သည်။
![DSC_0056408](https://burma.irrawaddy.com/wp-content/uploads/2011/11/DSC_0056408.jpg)
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအကူအညီ များစွာ လိုအပ်နေကြောင်း သိရှိစေရန်အတွက် ရန်ကုန်လှိုင်သာယာရှိ အမေ့အိမ် အခမဲ့ စာသင်ကျောင်းသို့ ဗြိတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး အင်ဒရူး မစ်ချယ်ကို ယနေ့ သွားရောက် လေ့လာစေခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဘယ်လိုဖွံ့ဖြိုးမှု အကူအညီတွေ လိုနေတယ်၊ ပြည်သူလူထုရဲ့ လိုအပ်ချက်ကြောင့် ကျမတို့ကျောင်းတွေ ဖွင့်ထားရတယ် ဆိုတာ မြင်အောင်၊ သိရအောင်လို့ ခေါ်လာတာ” ဟု ၎င်းက ဆိုသည်။
အမေ့အိမ် အခမဲ့ စာသင်ကျောင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
အမေ့အိမ် စာသင်ကျောင်းအနီးသို့ ဒေါ်အောင်ဆန်းစုကြည် နှင့် အင်ဒရူး မစ်ချယ်တို့ ရောက်ရှိလာချိန်တွင် လှိုင်သာယာ မြို့နယ်အတွင်းမှ လူထု ထောင်နှင့်ချီ၍ ရောက်လာကြသည်။
အင်ဒရူး မစ်ချယ်က အမေ့အိမ် စာသင်ကျောင်းမှ ကလေးငယ်များကို တွေ့ဆုံခဲ့ပြီး ကြိုဆိုသည့် လူထုကို နှုတ်ဆက်စကား ပြောသည်။
“မြန်မာနိုင်ငံရဲ့ အရုဏ်သစ်အတွက် ဆုတောင်းပေးလိုက်ပါတယ်” ဟု အင်ဒရူး မစ်ချယ်က ဆိုသည်။
လှိုင်သာယာ အမေ့အိမ်စာသင်ကျောင်းမှ အပြန်တွင် အင်ဒရူး မစ်ချယ်သည် နာရေးကူညီမှုအသင်းနှင့် NLD လူမှု အထောက်အကူပြု အဖွဲ့မှ မဖြူဖြူသင်းကူညီနေသော HIV လူနာများအား စောင့်ရှောက်ထားသည့် ဂေဟာသို့ သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြံ့စစ်သင်္ချိုင်းသို့ သွားရောက်မည်ဟု သိရသည်။
ဗြိတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး အင်ဒရူး မစ်ချယ်သည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ် အဖြစ် နိုဝင်ဘာ ၁၆ ရက်နေ့က ရောက်ရှိခဲ့ပြီး နေပြည်တော်၌ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။