ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် ၎င်း၏နေအိမ်၌ စာဖတ်ခြင်းဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက အင်္ဂါနေ့တွင် ပြောလိုက်သည်။
“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြောဆိုကြောင်း Wall Street Journal တွင် ယနေ့ ဖော်ပြထားသည်။
ဦးသန်းရွှေသည် သူ၏ လူရင်းများ ဦးဆောင်သည့် လက်ရှိအရပ်သား အစိုးရအား နောက်ကွယ်မှ လမ်းညွန်နေသည်ဟူသော သုံးသပ်ချက်များ ထွက်ပေါ် နေခြင်းနှင့်ပတ်သက်၍ Wall Street Journal က မေးမြန်းခြင်းကို ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၈ လခန့်က စစ်အစိုးရမှ အရပ်သားအစိုးရသို့ အပြောင်းအလဲ ပြုလုပ်သည့်ကာလတွင် ဦးသန်းရွှေ အနားယူသွားသည်ဟု ဆိုသော်လည်း စစ်ဝတ်စုံဖြင့် ရိုက်ကူးထားသည့် သူ၏ဓာတ်ပုံများကို မကြာသေးမီ ကာလကအထိ အစိုးရရုံးများတွင် ချိတ်ဆွဲထားဆဲဖြစ်သည်ကို တွေ့ရသည်။
အစိုးရနှင့် ဦးသန်းရွှေ၏ လက်ရှိ ဆက်စပ်မှုအခြေအနေအကြောင်း မေးမြန်းသည့် မေးခွန်းကို ဦးကျော်ဆန်းက ရှင်းရှင်းလင်းလင်း ဖြေဆိုထားခြင်း မရှိပေ။
Wall Street Journal အရှေ့တောင်အာရှ ဌာနခွဲ အကြီးအကဲ Mr. Jon Patrick Barta သည် အင်္ဂါနေ့က နေပြည်တော်တွင် ဝန်ကြီး ဦးကျော်ဆန်းနှင့် ၃ နာရီကြာ တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲရေး လိုလားသူနှင့် သဘောထား တင်းမာသူ ဟူ၍ အုပ်စု နှစ်စု ကွဲပြားမှု ရှိမရှိဟူသော မေးမြန်းချက်ကို ဦးကျော်ဆန်းက အမြင်မတူသည့်အခြေအနေများကြားမှ တိုင်းပြည်နှင့် လူမျိုး အကျိုး အတွက် အကောင်းဆုံးဖြစ်မည့် မူဝါဒများကို ညှိနှိုင်းချမှတ်နိုင်ခြင်းသည်ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု ပြောလိုက်သည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍လည်း မြန်မာအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် တာဝန် ယူထားသူ ဝန်ကြီး ဦးကျော်ဆန်းက ရှင်းချက် ထုတ်ထားသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA)သည် တံတားများဖျက်ဆီးခြင်း၊ ဖောက်ခွဲခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်နေကြောင်း၊ အစိုးရ စစ်တပ် အနေဖြင့် စတင် တိုက်ခိုက်ခြင်းမရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများမှာလည်း လမ်းကြောင်းရှင်းရာ တွင် ဖြစ်ပေါ် နေသော တိုက်ပွဲများသာဖြစ်ကြောင်း ဦးကျော်ဆန်းက ပြောသည်။
“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့က မတိုက်ခိုက်ပါဘူး” ဟု ဆိုသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်း မကြာသေးခင်က ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း၊ တရုတ်ကုမ္ပဏီ အများ အပြား မြန်မာနိုင်ငံ၌ လုပ်ကိုင်နေသကဲ့သို့ တခြားနိုင်ငံ၊ တခြားလူမျိုးများ လာရောက် လုပ်ကိုင်လျှင်လည်း ယခုကဲ့သို့ ဝိရောဓိမျိုး ဖြစ်ပေါ်နိုင်သည်ဟု ဝန်ကြီးက ဆိုသည်။
“တရုတ်ဆိုပြီး အခွင့်အရေးပေးတာ မရှိပါဘူး၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲ လာလုပ်လုပ် တူညီတဲ့ အခွင့်အရေး ပေးမှာပါ” ဟု ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။