အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ဒေသတွင်း လုံခြုံရေး၊ စီးပွားရေးဆိုင်ရာများအပါအဝင် တောင်တရုတ် ပင်လယ် ရေပိုင်နက် အငြင်းပွားမှုများကို အဓိကဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဖွင့်ပွဲတွင် အိမ်ရှင် အင်ဒိုနီးရှားသမ္မတ မစ္စတာ ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုက“ကမ္ဘာ့အရေးတွေမှာ အာဆီယံအနေနဲ့ အဓိက အခန်း ကဏ္ဍကနေ ပါဝင်စေလိုပါတယ်”ဟု ပြောဆိုသွားသည်။
“ကျနော်တို့ ဒေသတွင်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကိုလည်း အသေအချာ ဆောင်ရွက်ကြရမှာ ဖြစ်တယ်”ဟု မစ္စတာ ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုက ပြောဆိုကြောင်းလည်း ဘန်ကောက်ပို့စ် သတင်းတွင် ရေးထားသည်။
အာဆီယံ နိုင်ငံများဖြစ်သော ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများသည် တရုတ်နိုင်ငံနှင့် တောင်တရုတ် ပင်လယ် ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပေါ်နေသည့်အတွက် အာဆီယံ ဒေသတွင်း မတည်ငြိမ်မည်ကို ရည်ရွယ်၍ ဆူစီလို ဘန်ဘန်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ငါးဖမ်းသင်္ဘောများ အပါအဝင် တောင်တရုတ် ပင်လယ်တွင်း သွားလာနေသည့် သယံဇာတရှာဖွေရေး သဘောၤများကို တရုတ်နိုင်ငံ က ခြိမ်းခြောက်သည့် အပြုအမူများ ပြုလုပ်ရန် ကြိုးပမ်းနေသည်ဟု ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများကလည်း စွပ်စွဲပြောဆိုမှုများရှိကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
ယခု အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်များအပြင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား နှင့် အမေရိကန်နိုင်ငံ ခေါင်းဆောင်များလည်း တက်ရောက်ကြောင်း သိရသည်။
အစည်းအဝေးတွင် အမေရိကန် သမ္မတ အိုဘားမား၊ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါနှင့် မြန်မာသမ္မတ ဦးသိန်းစိန် တို့သည် အများဆုံး အာရုံစိုက် ခံရသူများ ဖြစ်ဖွယ်ရှိသည်။
သမ္မတ ဦးသိန်းစိန်သည် အာဆီယံ ထိပ်သီး အစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားတွင် ရောက်ရှိနေသည်။
ယင်း ထိပ်သီးစည်းဝေးပွဲတွင် ၂၀၁၄ ခုနှစ်အတွက် မြန်မာကို အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ် တရားဝင်ကြေညာရန်လည်း ရှိ
နေသည်။
နိုဝင်ဘာ ၁၅ ရက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာကို အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ် သဘော တူ ထားသည်။