အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသော အရှေ့တောင် အာရှနိုင်ငံများအဖွဲ့(အာဆီယံ) နှင့် ၎င်း၏ မိတ်ဖက် နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံမည် ဖြစ်သည်။
ဦးသိန်းစိန်သမ္မတ ဖြစ်ပြီးနောက် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ပထမဆုံး တွေ့ဆုံမည် ဖြစ်သည်။
အာဆီယံအစည်းအဝေးတွင် ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် အဆုံးအဖြတ်ပေးလိုက်ပြီ ဖြစ်သောကြောင့် မြန်မာအစိုးရအတွက် နိုင်ငံတကာမျက်နှာစာတွင် အရေးကြီးသော အချိန် ဖြစ်သည်။
အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပချိန်သည် မဟာအင်အားကြီးနိုင်ငံ ဖြစ်သော အမေရိကန်ပြည်ထောင်စု၏ အာရှတွင် ပြန်လည်အခြေချရေး လမ်းစဉ်မူဝါဒအား အရှိန်အဟုန်ဖြင့် ပြန်လည် ကျင့်သုံးလာချိန်နှင့်လည်း တိုက်ဆိုင်နေရာ အစည်းအဝေးအပြီး အမေရိကန် – မြန်မာ ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်၊ မဖွင့် ဆိုသည့် အချက်ကို နိုင်ငံတကာက စိတ်ဝင်စား နေကြသည်။
အမေရိကန် ပြည်ထောင်စု အနေဖြင့် အာဆီယံ၏ မိတ်ဖက်နိုင်ငံတခု ဖြစ်သည့်အပြင် သမိုင်းစဉ်အရ အာဆီယံအဖွဲ့အပေါ် သြဇာကြီးမားသည့် နိုင်ငံဖြစ်နေသောကြောင့် မြန်မာပြည်ကို အာဆီယံ ဥက္ကဋ္ဌ ရာထူး ပေးခြင်း၊ မပေးခြင်း အပါအဝင် အရေးပါသော ဆုံးဖြတ်ချက်များ အတွက် အမေရိကန်၏ သဘောထားမှာ အရေးပါလျှက်ရှိသည်။
အမေရိကန် – အာဆီယံ အစည်းအဝေးအတွက် ဘာလီသို့ ခရီးမဆက်မီ သမ္မတ အိုဘားမားသည် သြစတြေးလျ ပါလီမန်၌ မိန့်ခွန်းပြောရာတွင် မြန်မာပြည်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
အိုဘားမားက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခြင်း၊ နိုင်ငံရေးအကျဉ်းသား တချို့အား လွှတ်ပေးခြင်းတို့ ရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေဆဲဟု ဆိုသည်။
မြန်မာအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်စေရန်အတွက် လုပ်ဆောင်ရမည့် အဆင့်များကို ရှင်းလင်းစွာ ဆက်လက် ပြောဆိုသွားမည်ဟုလည်း အမေရိကန် သမ္မတက ပြောသည်။
ဆက်လက်၍ ၎င်းက နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသည့် စစ်ပွဲများ ချုပ်ငြိမ်းစေရေးနှင့် မြန်မာ – မြောက်ကိုရီးယား ဆက်ဆံရေးအား ပိုမို ထင်သာမြင်သာ ရှိစေရေး စသည့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အချက် ၃ ချက်ကို ပြောဆိုသွားသည်။
၁၉၉၆၊ ၂၀၀၃ ၊ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်တို့တွင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်းရန်အတွက် အထက်ပါ အချက် ၃ ချက်ကို မြန်မာအစိုးရက မည်မျှ လုပ်ဆောင်သည်၊ မလုပ်ဆောင်သည် ဆိုသည့် အချက်မှာ အရေးပါကြောင်း လေ့လာသူများက ဆိုကြသည်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မေလတွင် တကြိမ်၊ အောက်တိုဘာလတွင် တကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့သော်လည်း သောင်းချီသော အကျဉ်းသားများ အကြားတွင် နိုင်ငံရေးအကျဉ်းသားဦးရေ ၂၀၀ ကျော်ခန့်သာ ပါသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြကြသည်။
ထို့အပြင် ဇွန်လမှစ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် လက်နက်ကိုင် စစ်ပွဲအသစ်များအဖြစ် အစိုးရတပ်များနှင့် အပစ်အခတ်ရပ် အဖွဲ့များဖြစ်ကြသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တပ်မတော်များ အကြား ဆက်တိုက် ဖြစ်ပေါ်နေခဲ့ရာ ဒေသခံဒုက္ခသည် ထောင်ချီ၍ တိုက်ပွဲနှင့်လွတ်ရာ ဒေသများသို့ တိမ်းရှောင်နေကြရသည်။
တိုင်းရင်းသား ဒေသတွင်း စစ်ပွဲများအရေးနှင့် ပတ်သက်၍ အမေရိကန် အစိုးရက အနီးကပ် စောင့်ကြည့် ဖိအား ပေးလျှက်ရှိနေသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများ၏ အဆိုအရ ယမန်နေ့က နေပြည်တော်တွင် အမေရိကန်သံရုံး ယာယီတာဝန်ခံ မိုက်ကယ် သားစ်တန်က မြန်မာအစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ခေါင်းဆောင်များ ဖြစ်သော ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို မြန်မာအစိုးရက ဒေသတွင်း လုံခြုံရေး ထိခိုက်စေသော လုပ်ရပ်မဟုတ်ဟု ထပ်ခါတလဲလဲ ငြင်းဆိုနေသော်လည်း မြောက်ကိုရီးယား၏ မြန်မာနိုင်ငံအတွင်း ပါဝင်ပတ်သက်မှုများသည် နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် ဆက်လက်ရှိနေသေးရာ အမေရိကန်ပြည်ထောင်စု အနေဖြင့် စိုးရိမ်နိုင်ဖွယ် ရှိသည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စု၏ လက်ရှိမြန်မာ့ မူဝါဒ ချဉ်းကပ်မှုတွင် နည်းလမ်းအမျိုးမျိုး၊ ပုံစံ အမျိုးမျိုး ရှိနေသည့် အတွက် လေ့လာသူတို့က စီးပွားရေး ပိတ်ဆို့မှုပေါ်လစီကို ကျော်လွန်၍ ကြည့်ရှုကြသည်။
ဝါရှင်တန် အခြေစိုက် မြန်မာ့အရေး လေ့လာသူများက အမေရိကန်အစိုးရသည် မြန်မာပြည်တွင်း အပြောင်းအလဲများ ပိုမို ဖြစ်ထွန်းလာ သည်ကို မြင်တွေ့လိုကြောင်း၊ ရေရှည်တွင် စီးပွားရေးပိတ်ဆို့ အရေးယူမှုများထက် အာဆီယံအဖွဲ့တွင်း ပိုမို သွပ်သွင်းကာ မြန်မာပြည်ကို တရုတ်သြဇာ လွမ်းမိုးမှု အောက်မှ လျှော့ချစေရေးကို လုပ်ဆောင်နိုင်ကြောင်း ထင်မြင်ချက် ပေးကြသည်။
မြန်မာအစိုးရဘက်ကလည်း အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်ချင်သော ပြောဆိုချက်များ ထွက်ပေါ် လာနေသည်။
နိုဝင်ဘာ ၃ ရက်နေ့က မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရစ် မစ်ချယ်ကို နေပြည်တော်တွင် လက်ခံတွေ့ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများအကြောင်း ဆွေးနွေးခဲ့သည်ဟု မြန်မာဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။
ယမန်နေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာတွင်လည်း မြန်မာနိုင်ငံ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အမေရိကန် ပြည်ထောင်စု၏ ၂၁ ရာစု ရည်မှန်းချက်များ အတွက် ဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု သင့်ကြောင်း ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။
“အနောက်နိုင်ငံတွေအနေနဲ့ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခြေအနေနဲ့ တရုတ်နိုင်ငံ အင်အား ကြီးမားလာတာကြောင့် မြန်မာကို လိုအပ်လာပါပြီ။ အခုလို အခြေအနေမျိုးမှာ ဝါရှင်တန်နဲ့ ကျန်တဲ့သူတွေက မြန်မာနိုင်ငံကို ပြင်ပ ကမ္ဘာနဲ့ ပိုပြီး ချိတ်ဆက်နိုင်အောင် ကူညီဖို့ လိုပါတယ်” ဟု ဦးဇော်ဌေးက ၎င်း၏ ဆောင်းပါးတွင် ဆိုထားသည်။
အမေရိကန် ပြည်ထောင်စုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုများကို မြန်မာစစ်တပ်က အကြမ်းဖက် နိုမ်နင်းပြီးချိန်မှ စ၍ မြန်မာ့ဒီမိုကရေစီအရေးကို ရှေ့တန်းက အားပေးခဲ့သော နိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံ သံတမန် အဆင့်ကိုလည်း တဆင့်လျှော့ချကာ အဆင့်အမြင့်ဆုံးအဖြစ် သံရုံး ယာယီတာဝန်ခံကိုသာ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း မြန်မာနိုင်ငံတွင် ထားရှိခဲ့သည်။
သို့သော် ယခုနှစ်အတွင်း အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်ပေါ် တိုးတက်မှုများ ရှိခဲ့သည်။
မြန်မာ့အရေး ရင်းနှီးကျွမ်းဝင်သူ တဦးဖြစ်သည့် ဒဲရစ် မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် သြဂုတ်လ ၁၅ ရက်နေ့က ခန့်အပ်ခဲ့သည်။
ဒဲရစ် မစ်ချယ်သည် ၎င်း တာဝန် စတင် ထမ်းဆောင် ခဲ့ပြီး နောက်ပိုင်း မြန်မာပြည်ကို ၂ လကျော်အတွင်း သုံးကြိမ် သွားရောက် ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။