မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တရားဝင် မှတ်ပုံတင် ပြီးနောက် နိုင်ငံရေးပါတီတရပ်အဖြစ် ပြည်သူ့ဘက်မှ ရပ်တည်ဆောင်ရွက်သွားမည်ဟု ယနေ့ ပြောသည်။

NLD ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများစု၏ ဆန္ဒဖြင့် ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း NLD ဗဟိုကော်မတီက ယနေ့ တရားဝင် ထုတ်ပြန် ကြေညာလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
“ကျမသဘောက ရွေးကောက်ပွဲကို မဲဆန္ဒနယ်အားလုံးမှာ ယှဉ်ပြိုင်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ တခုလို မလှုပ်ရှားရတာ တော်တော်ကြာပြီ။ နိုင်ငံရေးပါတီတခုလို မလုပ်ရတာ တော်တော်ကြာပြီ။ ကျမတို့ လေ့ကျင့်ရမယ်။
နိုင်ငံရေးပါတီ တရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဗဟိုဦးစီးအဖွဲ့ဝင်များကို ပြောသည်။
ဆက်လက်၍ ၎င်းက NLD ပါတီ ပြန်လည်မှတ်ပုံတင်ရေးကို ၎င်းအနေဖြင့် သဘောတူထောက်ခံ ရခြင်းမှာ ပါတီ အကျိုး စီးပွားတခုတည်းအတွက် မဟုတ်ဘဲ ပြည်သူလူထုအတွက် ရပ်တည်သွားမည် ဖြစ်ကြောင်း၊ တရားဝင် နိုင်ငံရေးပါတီ တရပ်အနေဖြင့် ဥပဒေစိုးမိုးရေး၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ မီဒီယာ လွတ်လပ်ခွင့် ရရှိရေး၊ ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေးတို့ကို ဦးတည်ချက်ထား ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ နိုင်ငံရဲ့အနာဂတ်ကို ကြည့်ပြီးပြောတာပါ။ NLD တခုတည်းအတွက် မဟုတ်ဘူး။ တနိုင်ငံလုံးအတွက်၊ ပြည်ထောင်စု တခုလုံးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရမယ်။ ဥပဒေ စိုးမိုးဖို့ဆိုရင် နိုင်ငံကို အကျိုးမပြုတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့က နိုင်ငံသားတွေရဲ့ တာဝန်တခုအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက် သွားမယ်လို့ ကျမပြောချင်ပါတယ်” ဟု သူက ပြောသည်။
ဥပဒေ စိုးမိုးရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မှန်ကန်ပြီး တရားမျှတမှု ရှိရမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ဆက်ပြောသည်။
NLD ပြန်လည်မှတ်ပုံတင်၊ မတင် ကိစ္စကို တိုင်းနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များ ပါဝင်သော ဗဟို ကော်မတီဝင် ၁၀၀ ကျော်တို့က ယနေ့နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အထိ အစည်းအဝေး ပြုလုပ်ခဲ့ရာ ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ ကိုယ်စားလှယ်များ၊ NLD အမျိုးသမီးအဖွဲ့၊ NLD လူငယ်အဖွဲ့များ အားလုံးတို့က ပါတီပြန်လည်မှတ်ပုံတင်ရေး၊ ကြားဖြတ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရေးအား ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
“အားလုံး ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီကို တညီတညွတ်တည်း ကြိုးစားသွားကြပါ” ဟု NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ အသက် ၉၅ နှစ်အရွယ်ရှိ ဦးအောင်ရွှေမှာမူ အစည်းအဝေး မတက်ရောက်နိုင် သော်လည်း အစည်းအဝေးသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အားလုံး စုစည်း ညီညွတ်ကြရန် ပါတီဝင်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင် အားလုံးကို သတင်းစကား ပါးခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အစိုးရက အသိအမှတ်ပြုထားပြီး ဖြစ်သည့်အတွက် NLD အနေဖြင့် လက်ခံနိုင်သည့် အခြေအနေတွင် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။ ပြန်လည်မှတ်ပုံတင်မည့် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲများ အားလုံးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
NLD ပါတီ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကျင်းပနေချိန်တွင် မှတ်ပုံတင်ရန် ထောက်ခံသော ပါတီဝင် ရာပေါင်းများစွာတို့ NLD ရုံးချုပ်ရှေ့တွင် လာရောက်စုဝေးခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ဦးဆောင်ကျင်းပသူ ဒေါ်နော်အုန်းလှက NLD မှတ်ပုံတင်ခြင်းကို ကန့်ကွက်သော စာများ လိုက်လံဝေငှခဲ့သည်။